ချစ်တတ်သူ

မိမိကိုယ်ကို အချစ်ခင်ဆုံးလို့ သိနားလည်ရင် ကောင်းကောင်းစောင့်ရှောက်တယ်လို့ ဆိုရလောက်အောင် စောင့်ရှောက်ပါ ။ ပညာရှိဟာ အရွယ် ၃ ပါးမှာ တစ်ပါးပါး၌ ကိုယ့်ကိုယ်ကို အပြစ်ကင်းအောင် ဆေးကြောသုတ်သင်ပါ ။
( ဓမ္မပဒ ၊ အတ္တ၀ဂ္ဂ ၊ ၁ ဗောဓိရာဇကုမာရ၀တ္တု )
 

          လောကသတ္တ၀ါတွေဟာ ကိုယ့်ကိုယ်ကို အချစ်ဆုံးပဲဆိုတာကို တချို့က နားလည်သဘော မပေါက်ဘဲ ရှိနေတတ်ကြပါတယ် ။ ကိုယ့်ရဲ့အချစ်ဆုံးဟာ အခြားသူ တစ်ယောက်ယောက်လို့ ထင်မြင် နေတတ်ကြပါတယ်။ ' အတ္တသမံ ပေမံ နတ္တိ ၊ မိမိအပေါ် ချစ်တဲ့အချစ်နဲ့တူတဲ့ အချစ်မရှိတဲ့ ' ဆိုတဲ့ စကားကို သတိမမူမိဘဲ ရှိနေတတ်ကြပါတယ် ။ ကိုယ့်ကိုယ်ကို တကယ်ချစ်တတ်သူဟာ ကိုယ့်ကိုယ်ကို ကောင်းကောင်း စောင့်ရှောက်ရပါမယ် ။ ကိုယ့်ကိုယ်ကို စောင့်ရှောက်မယ်ဆိုပြီး တိုက်အထပ်ထပ်မှာ တံခါးအလုံပိတ်ကာ အစောင့်အရှောက်တွေ ချထားပေမယ့်လည်း ကိုယ့်ကိုယ်ကို စောင့်ရှောက်သည် မမည်သေးပါ ။ 
          လူဆိုရင် စွမ်းနိုင်သမျှ လှူ ၊ သီလစောင့် ၊ ဘာဝနာပွားမှ ကိုယ့်ကိုယ်ကို စောင့်ရှောက်သည် မည်ပါတယ် ။ ရှင် ရဟန်းဆိုရင် ပရိယတ် ၊ ပဋိပတ်အလုပ်ကို အားထုတ်မှ ကိုယ့်ကိုယ်ကို စောင့်ရှောက်သည် မည်ပါတယ် ။ လူဝတ်ကြောင်တွေဟာ ပထမအရွယ်မှာ အပျော်အပါးများလို့ ကုသိုလ်မလုပ်နိုင်ရင် မဇ္ဈိမအရွယ်မှာ မမေ့မလျော့ဘဲ ကုသိုလ်လုပ်ရပါမယ် ။ မဇ္ဈိမအရွယ်မှာ သား သမီး မယား မွေးမြူနေရလို့ ကုသိုလ်မလုပ်နိုင်ရင် နောက်ဆုံးအရွယ်မှာ ကုသိုလ်လုပ်ကိုလုပ်ရပါမယ် ။ ဒါမှ ကိုယ့်ကိုယ်ကို ချစ်တဲ့လူလို့ ဆိုနိုင်ပါတယ် ။ အရွယ်သုံးပါးလုံးမှာ စောင့်ရှောက်နိုင်ရင်တော့ ပိုပြီး ကိုယ့်ကိုယ်ကို ချစ်တတ်သူဖြစ်ပါတယ် ။
          ရှင် ရဟန်းဟာ ပထမအရွယ်မှာ စာသင်စာချ ၀တ်ကြီးဝတ်ငယ် ဆောင်ရွက်နေရလို့ ရဟန်းတရား အားထုတ်ဖို့ မေ့လျော့နေခဲ့ရင် မဇ္ဈိမအရွယ်မှာ မမေ့မလျော့ဘဲ ရဟန်းတရားကို အားထုတ်ရပါမယ် ။ ပထမအရွယ်မှာ သင်ယူပြီး စာပေရဲ့အဖွင့်တွေ ၊ အဆုံးအဖြတ်တွေ အကြောင်းဟုတ်မဟုတ်တာတွေကို မေးနေရလို့ မဇ္ဈိမအရွယ်မှာ မေ့လျော့နေခဲ့ရင် နောက်ဆုံးအရွယ်မှာ မမေ့မလျော့ဘဲ ရဟန်းတရားကို အားကိုအားထုတ်ရပါမယ် ။ အဲဒီလိုလုပ်မှ မိမိကိုယ်ကို စောင့်ရှောက်ရာရောက်ပါတယ် ။ အဲဒီလိုလုပ်မှ ကိုယ့်ကိုယ်ကို ချစ်တတ်တဲ့ ရှင်ရဟန်းလို့ ဆိုနိုင်ပါတယ် ။ အဲဒီလိုမလုပ်ရင် ကိုယ့်ကိုယ်ကို မချစ်တတ်သေးတဲ့သူ ဖြစ်ပါတယ် ။ ကိုယ့်ကိုယ်ကို မချစ်တတ်သူဟာ နောင်တ ပူပန်မှုတွေနဲ့သာ လုံးချာလည်နေပါလိမ့်မယ် ။  
          အပြစ်လုံးဝကင်းတဲ့လူ ၊ အပြစ်လုံးဝကင်းတဲ့ရှင် ၊ အပြစ်လုံးဝကင်းတဲ့ရဟန်း ဆိုတာ ရှားပါလိမ့်မယ် ။ ကိုယ်အပြစ် ၊ နှုတ်အပြစ်တွေဟာ သီလဖြူစင်တဲ့ ရှင် လူ ရဟန်းတွေမှာ ကင်းကြပါတယ် ။ စိတ်အပြစ်ကတော့ သမာဓိရှင် ၊ ပညာရှင်တွေမှာသာ ကင်းစင်ကြပါတယ် ။ ကိုယ် ၊ နှုတ် ၊ စိတ် သုံးပါးလုံးမှာ ကိုယ့်ကိုယ်ကို အပြစ်ကင်းအောင် နေတတ်ရင် ကိုယ့်ကိုယ်ကို ချစ်တတ်သူဖြစ်လာပါမယ် ။ အပြစ်တွေ ဗရပွနဲ့ နေနေရင် ကိုယ့်ကိုယ်ကို မချစ်တတ်သေးသူ ဖြစ်ပါတယ် ။ ကိုယ့်ကိုယ်ကို ချစ်တတ်သူဟာ အပြစ်တွေကို ခ၀ါချပစ်ရပါမယ် ။ ကိုယ့်ကိုယ်ကို အပြစ်မနှော စင်းလုံးချောဖြစ်အောင် လုပ်တတ်သူဟာ ကိုယ့်ကိုယ်ကို အချစ်တတ်ဆုံးလူ ဖြစ်ပါတယ် ။
          ကိုယ့်ကိုယ်ကို ပထမအရွယ် (၂၅ နှစ်ထိ) မချစ်တတ်သေးရင် မဇ္ဈိမအရွယ် (၅၀ နှစ်ထိ) မှာ ချစ်တတ်အောင် လုပ်ရပါမယ် ။ မဇ္ဈိမအရွယ်မှာလည်း မချစ်တတ်သေးရင် နောက်ဆုံးအရွယ်မှာတော့ ချစ်ကိုချစ်တတ်ရပါတော့မယ် ။ အရွယ်သုံးပါးမှာ ကိုယ့်ကိုယ်ကို ချစ်တတ်အောင် ကြိုးစားကြရပါမယ် ။ အရွယ်သုံးပါးလုံးမှာ ကိုယ့်ကိုယ်ကို ချစ်တတ်ရင်တော့ အကောင်းဆုံးပေါ့ ။ သစ်ပင်မှန်ရင် အမြစ်ရှိရမယ် ၊ လူမှန်ရင် အချစ်ရှိရမယ်တဲ့ ။ ဆိုရိုးစကားရှိပါတယ် ။ လူတွေမှာ အချစ်ကိုယ်စီ ရှိကြပါတယ် ။ သူတပါးကို ချစ်တတ်ဖို့ ကြိုးစားသူထက် ကိုယ့်ကိုယ်ကို ချစ်တတ်အောင် ကြိုးစားသူက ရှားပါးနေပါတယ် ။
           ကိုယ့်ကိုယ်ကို ဘယ်သူမဆို ချစ်ကြတာပါပဲ ။ ဒါပေမယ့် သတ္တ၀ါအများစုရဲ့ အချစ်တွေဟာ ပညာမပါတဲ့အချစ်တွေ ဖြစ်နေကြပါတယ် ။ ကိုယ့်ကိုယ်ကို ဉာဏ်ပညာပါတဲ့ အချစ်နဲ့ ချစ်တတ်မှ ပစ္စုပ္ပန်မှာရော သံသရာမှာပါ နစ်နာမှု ၊ နောင်တရမှုတွေ ကင်းဝေးရပါလိမ့်မယ် ။ ကိုယ့်ကိုယ်ကို ပညာမပါတဲ့ အချစ်နဲ့ ချစ်နေသူဟာ ကိုယ့်ကိုယ်ကို ပညာသားပါပါ ချစ်တတ်သူ မဟုတ်သေးပါဘူး ။ သတ္တ၀ါတွေဟာ ကိုယ့်ကိုယ်ကို ပညာသားပါပါ ချစ်တတ်ဖို့ လိုအပ်လှပါတယ် ။ 
           အထက်မှာ ဖော်ပြခဲ့တဲ့ ဘုရားစကားတော်အရ 'ပညာရှိသူဟာ ကိုယ့်ရဲ့အပြစ်တွေကို ခ၀ါချပေးခြင်ဖြင့် ကိုယ့်ကိုယ်ကို ပညာသားပါပါ ချစ်တတ်တယ်' ဆိုတာကို သိနားလည်ရပါမယ်။ ပညာရှင်ဟာ ပညာနဲ့အပြစ်တွေကို ဆေးကြောပစ်ရပါမယ် ။ သတ္တ၀ါတွေဟာ အပြစ်ကင်းအောင် ပြောတတ်လေလေ ၊ ပြုလုပ်တတ်လေလေ ၊ စိတ်ထားတတ်လေလေ ကိုယ့်ကိုယ်ကို ချစ်တတ်လေလေပါပဲ ။




ဆက်လက်ဖတ်ရှူရန်...

ရှားပါးတဲ့ ဇာတ်လမ်း တစ်ပုဒ်

ချစ်အပ်တဲ့ သက်ရှိ သက်မဲ့တွေနဲ့ တစ်ရံတစ်ဆစ်မျှ မပေါင်းဆုံရာ ၊ မချစ်အပ်တဲ့ သက်ရှိ သက်မဲ့တွေနဲ့ တစ်ရံတစ်ဆစ်မျှ မပေါင်းဆုံရာ ၊ ချစ်အပ်တဲ့ သက်ရှိ သက်မဲ့တွေကို မမြင်တွေ့ရတာဟာ ဒုက္ခ ၊ မချစ်အပ်တဲ့ သက်ရှိ သက်မဲ့တွေကို မြင်တွေ့ရတာဟာလည်း ဒုက္ခ ၊ ဒါကြောင့် ချစ်ခြင်းကို မပြုလုပ်ရာ ။ မှန်တယ် ၊ အချစ်နဲ့ကွေကွင်းရတာဟာ မကောင်းဘူး ။ အချစ် အမုန်း မရှိသူမှာ အထုံးအဖွဲ့တွေ မရှိတော့ဘူး ။
( ဓမ္မပဒ ၊ ပိယ၀ဂ္ဂ ၊ ၁ တယောဇန ပဗ္ဗဇိတ၀တ္တု )

               သာဝတ္တိမြို့ အမျိုးတစ်မျိုးမှာ မိဘနှစ်ပါး ချစ်မြတ်နိုးအပ်တဲ့ သားလေးတစ်ယောက် ရှိခဲ့ပါတယ် ။ သူတို့အိမ်မှာ ဆွမ်းခံကြွတဲ့ ရဟန်းတော်တွေရဲ့ ဟောတရားကို နာကြားရလို့ ရဟန်းဝတ်ချင်စိတ် ပေါက်ပြီး မိဘတွေကို ရဟန်းဝတ်ခွင့်ပြုဖို့တောင်းပါတယ် ။ မိဘတွေက ခွင့်မပြုပါဘူး ။ ' ငါဟာ မိဘတွေအလစ်မှာ အိမ်ကထွက်ပြေးပြီး ရဟန်းဝတ်မယ်။ ' လို့ကျိတ်ကြံနေပါတယ် ။ အဖေက အိမ်ပြင်ထွက်ရင် သားကို မျက်ခြေပြတ်မခံဖို့ အမေ့ကို မှာသွားပါတယ် ။ အမေ အိမ်ပြင်ထွက်ရင်လည်း အဖေ့ကို မှာသွားပါတယ် ။ အလစ်မပေးကြပါဘူး ။ တစ်နေ့ မှာ ဖခင်က အိမ်ပြင်ထွက်သွားတုန်း မိခင်က တံခါးဘောင်တစ်ခုကို မှီပြီး အခြားတံခါးဘောင်တစ်ခုကို ခြေထောက်နဲ့ ကန်ထားတာ မြေမှာထိုင်ပြီး ချည်ငင်နေပါတယ် ။
               သားက ' အမေ့ကို လှည့်စားပြီးသွားမယ် 'လို့ တွေးကာ ' အမေ နည်းနည်းလောက် ဖယ်ပေးစမ်းပါ ၊ အိမ်သာသွားချင်လို့ပါ 'လို့ပြောပြီး ကျောင်းကိုအပြေးသွားကာ ရဟန်းတွေထံ ရဟန်းဝတ်ဖို့ ခွင့်ပန်ပြီး ရဟန်းဝတ်လိုက်ပါတယ် ။ ဖခင်ပြန်လာတဲ့အခါ သူ့သား ဘယ်သွားလဲလို့ မိခင်ကို မေးပါတယ် ။ ' ဒီနေရာမှာ ရှိပါတယ် 'လို့ မိခင်ကပြောလို့ ဖခင်က သူ့သားကို ရှာကြည့်တဲ့အခါ မတွေ့လို့ ကျောင်းကိုသွားတာဖြစ်မယ်ဆိုပြီး ကျောင်းကိုလိုက်သွားပါတယ် ။ သူ့သား ရဟန်းဝတ်ထားတာကို တွေ့ရလို့ ငိုကြွေးမြည်တမ်းကာ ' ဘာကြောင့် ငါ့ကို ဖျက်ဆီးရသလဲ 'လို့ ပြောပါတယ် ။ ' ငါ့သား ရဟန်းဝတ်ရင် အခု ငါဟာ အိမ်မှာ ဘာလုပ်မှာလဲ 'လို့ တွေးကာ ဖခင်ကိုယ်တိုင် ရဟန်းတွေထံ ရဟန်းဝတ်ဖို့ ခွင့်ပန်ပြီး ရဟန်းဝတ်ပါတယ် ။
          မခင်ကလည်း 'သားအဖနှစ်ယောက် ဒီလောက်ကြာနေတာဟာ ကျောင်းသွားကာရဟန်းဝတ်ကြလို့ ဖြစ်လိမ့်မယ် ' လို့ တွေးပြီး ရှာကြည့်တဲ့အခါ ကျောင်းမှာ ရဟန်းဝတ်နေကြတာကို တွေ့ရပါတယ် ။ ' သူတို့သားအဖနှစ်ယောက် ရဟန်းဝတ်ကြရင် ငါဟာ အိမ်မှာနေလို့ ဘာအကျိုးထူးမှာလဲ 'လို့တွေးကာ မိခင်လည်း ဘိက္ခုနီတွေရဲ့ကျောင်းကိုသွားပြီး ဘိက္ခုနီမ လုပ်လိုက်ပါတော့တယ် ။ ရဟန်းသာဝတ်လိုက်ကြပေမယ့် တစ်ဦးနဲ့တစ်ဦး ခွဲခွားပြီးတော့ မနေနိုင်ကြပါဘူး ။ ကျောင်းမှာရော ဘိက္ခုနီမကျောင်းမှာပါ စုပေါင်းထိုင်ကာ စကားပြောပြီး တစ်နေ့တာ အချိန်ကုန်လွန်စေကြပါတယ် ။ ဒါကြောင့် ဘေးကရဟန်းတွေမှာရော ရဟန်းမတွေပါ အနှောင့်အယှက် ဖြစ်ကြပါတယ် ။ ရဟန်းတွေက ဘုရားရှင်အား သူတို့သားအဖသုံးယောက်အကြောင်းကို လျှောက်ထားကြလို့ ' ဒီလိုလုပ်တာဟာ မသင့်တော်ဘူး 'လို့ အမိန့် ရှီပြီး ဖြေရခက်တဲ့ကြိုး မှာဖော်ပြခဲ့တဲ့ စကားတွေကို အမိန့် ရှိပါတယ် ။
ဒီသားအဖသုံးယောက်ရဲ့ သံယောဇဉ်ကတော့ ကြီးလွန်းလှပါတယ် ။ ယခုခေတ်မှာလည်း သာသနာ့ဘောင်ရောက်ပြီး ဒီလောက်သံယောဇဉ်ကြီးကြသူတွေ ရှိနိုင်မယ် ထင်ပါတယ် ။ ဒီလောက်နီးနီး သံယောဇဉ်ကြီးကြတဲ့ ပုဂ္ဂိုလ်တွေကတော့ ပိုပြီးရှိနိုင်ပါလိမ့်မယ် ။ သံယောဇဉ်ကို ဖြတ်တဲ့နယ်ပယ်မှာ ဒီလိုသံယောဇဉ်ကြိုး တင်းလွန်းတာကတော့ အဖြူထဲမှာ အမည်းစက်ဟာ ထင်ရှားသလို ထင်ရှားလှပါတယ် ။ ဘုရားနဲ့မတွေ့လို့ ရှိရင် ဒီသားအဖသုံးယောက်ဟာ ဘယ်လိုဆက်ပြီး စခန်းသွားကြမယ် မသိပါဘူး ။ ဘုရားဟောတဲ့တရားကို နာကြားပြီး သားအဖသုံးယောက်ဟာ သတိ သံဝေဂရကာ တရားတွေ အားထုတ်သွားကြမယ်လို့ စာရှုသူ ထင်မိပါသလား ။ ထင်မိရင်တော့ မှားပါတယ် ။ အဲဒီ သားအဖသုံးယောက်ဟာ တစ်ဦးနဲ့တစ်ဦး အခွဲမခွာနိုင်ကြလို့ လူထွက်ကာ အိမ်ကို ပြန်သွားကြပါသတဲ့ ။
ဘုရားလက်ထက်တော်မှာ ဒီလိုဇာတ်လမ်းဟာ ရှားပါးတဲ့ ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါလိမ့်မယ် ။ ယခုခေတ်မှာတော့ ဒီလို လူ့ဘ၀ပြန်လည်သွားကြတဲ့ ဇာတ်လမ်းတွေ ရှားချင်ရှားပါလိမ့်မယ် ။ သံယောဇဉ်အာရုံတွေရဲ့ သာယာဖွယ်ကိုသာ ကြည့်နေကြသူတွေ အတွက် သံယောဇဉ်ကြိုးဟာ ပြေလျော့မသွားဘဲ တိုး၍တိုး၍သာ တင်းတင်းလာပါလိမ့်မယ် ။ သံယောဇဉ် အာရုံတွေရဲ့ အပြစ်ကို မြင်လာရင်တော့ မတင်းတော့ဘဲ လျော့လျော့လာပါလိမ့်မယ် ။ သံယောဇဉ်မီးထက် ပိုပူတဲ့မီးဟာ လောကမှာ မရှိပါဘူး ။ သံယောဇဉ်မီးဟာ ပဂတိမီးလို မီးခိုးလည်း မရှိ ၊ မီးတောက်မီးလျှံလည်း မရှိ ၊ မီးကျီလည်း မရှိပါဘူး။ ဒါပေမယ့် အတွင်းမှာသာ လောင်မြိုက်ပြီး ပြာလက်တစ်ဆုပ်စာသာကျန်အောင် လုပ်နိုင်ပါတယ် ။
           တဏှာသံယောဇဉ်မြစ်နဲ့ တူတဲ့မြစ်မရှိဘူးတဲ့ ။ ဂင်္ဂါ ၊ ဧရာဝတီ စတဲ့မြစ်တွေမှာ ရေပြည့်တဲ့အခါတွေလည်း ရှိတယ် ၊ လျော့တဲ့အခါလည်း ရှိတယ် ၊ ခန်းခြောက်သွားတဲ့အခါလည်း ရှိတယ် ။ တဏှာဆိုတဲ့ သံယောဇဉ်မြစ်မှာတော့ ပြည့်တဲ့အခါလည်း မရှိ ၊ ခြောက်ခန်းသွားတဲ့ အခါလည်း မရှိ ၊ အမြဲတမ်း လျော့လျက်သာ ရှိနေတာမို့ တဏှာသံယောဇဉ်မြစ်နဲ့ တူတဲ့မြစ် မရှိဘူးလို့ ဘုရားက ဟောကြားတော်မူခဲ့ပါတယ် ။ သံယောဇဉ်အမျှင်မတန်းချင်လို့ ရှင်ရဟန်းလုပ်ခါမှ အမျှင်တန်းနေသေးရင် မြင်ကြားရသူအပေါင်း နှစ်ထောင်းအားရစရာ မရှိ ဖြစ်လှပါတယ် ။ အမျှင်ကိုဖြတ်မှ ဘ၀နဲ့ ဟပ်ပါလိမ့်မယ် ။

ဆက်လက်ဖတ်ရှူရန်...

ဖြေရခက်တဲ့ကြိုး

သံခြေချင်း ၊ သစ်သားခြေချင်း ၊ ကြိုးအနှောင်အဖွဲ့တွေကို ဘုရားစတဲ့ ပညာရှိတွေက ခိုင်တဲ့ အနှောင်အဖွဲ့လို့ မဆိုကြပါ ။ ပတ္တမြား ၊ နားတောင်း စတဲ့ပစ္စည်းနဲ့ သားသမီး ဇနီးအပေါ် ပြင်းထန်တဲ့ တပ်မက်မှု နှောင်ကြိုးကိုသာ ခိုင်တဲ့ အနှောင်မဖွဲ့လို့ ဆိုကြပါတယ် ။
( ဓမ္မပဒ ၊ တဏှာဝဂ္ဂ ၊ ၄ ဗန္ဓနာဂါရ၀တ္တု )

     သံယောဇဉ်နှောင်ကြိုးရဲ့ ဖြတ်ရခက်ပုံကို ဘုရားအလောင်းတော်ဟာ ဘ၀တစ်ခုတုန်းက ကြုံတွေ့ခဲ့ရပါတယ် ။ ဗာရာဏသီပြည်မှာ ဘုရားအလောင်းတော်ဟာ ဆင်းရဲတဲ့အမျိုးမှာ ဖြစ်ခဲ့ပါတယ် ။ ဘုရားအလောင်း အရွယ်ရောက်တဲ့အခါ သူ့ဖခင် ကွယ်လွန်သွားပါတယ် ။ ဘုရားအလောင်းဟာ အခစားအလုပ်ကို လုပ်ပြီး မိခင်ကို ပြုစုကျွေးမွေးပါတယ် ။ အိမ်ထောင်မပြုချင်ဘဲ သူ့မိခင်က သူ့ကို အိမ်ထောင်ချပေးပါတယ် ။ မိခင်ဟာ အိမ်ထောင်ချပေးပြီးတဲ့နောက်ပိုင်းမှာ ကွယ်လွန်သွားပါတယ် ။ ဇနီးသည်မှာ ကိုယ်ဝန်ရှိလာပါတယ် ။ ကိုယ်ဝန်ရှိနေမှန်းမသိလို့ 'ရှင်မ သင်ဟာ အခစားအလုပ်ကို လုပ်ပြီး အသက်မွေးလော ၊ ငါရဟန်းပြုမယ်'လို့ ပြောပါတယ် ။ ဇနီးသည်က 'ကျွန်မမှာ ကိုယ်ဝန်ရှိနေပါပြီ ၊ သားဖွားပြီးတဲ့ခါ ကလေးကိုကြည့်ပြီးမှ ရဟန်းဝတ်ပါ'လို့ ပြောပါတယ် ။ ဘုရားလောင်းက 'ကောင်းပါပြီ'လို့ ၀န်ခံပြီး ကလေးမွေးပြီးတဲ့ခါ ရဟန်းပြုတော့မယ်လို့ ပြောပါတယ် ။ အဲဒီအခါ ကလေးနို့ ဖြတ်တဲ့အချိန်အထိ စောင်းဆိုင်းဖို့ ပြောလာပြန်ပါတယ် ။ နောက် ကိုယ်ဝန်တစ်ခု ရလာပြန်ပါတယ် ။
         ဘုရားလောင်းက 'ဒီတစ်ခါ အသိမပေးဘဲ ထွက်ပြေးပြီး ရဟန်းပြုတော့မယ်'လို့ တွေးပြီး ညအခါ ဇနီးကို အသိမပေးဘဲ ထွက်ပြေးပါတယ် ။ မြို့စောင့်တွေက သူ့ကို ဖမ်းကြပါတယ် ။ သူက 'ကျွန်တော်ဟာ အမိကို ပြုစုလုပ်ကျွေးသူပါ ၊ ကျွန်တော့်ကို လွှတ်ကြပါ'လို့ပြောပြီး ဟိမ၀န္တာကိုသွားကာ ရဟန်းပြုပြီး ဈာန်အဘိညာဉ်တွေရသွားလို့ ဈာန်နဲ့ပျော်မွေ့ကာ နေပါတော့တယ် ။ အထက်မှာ ဖော်ပြတဲ့စကားတွေကို ဥဒါန်းကျူးရင့်ခဲ့ပါတယ် ။
       ရဟန်း ရှင် လူတွေကို တွေ့လို့ တရားအားထုတ်ဖို့ တိုက်တွန်းလိုက်ရင် နှောင်ကြိုးလေးတွေကိုဖြတ်ဖို့ အခက်တွေ့နေကြတာကို တွေ့ရပါတယ် ။ သားရှိတဲ့သူက သားအတွက် ပူရတယ် ။ သမီးရှိတဲ့သူက သမီးအတွက် ပူရတယ် ။ ဇနီးရှိတဲ့သူက ဇနီးအတွက် ပူရတယ် ။ ခင်ပွန်းရှိတဲ့သူက ခင်ပွန်းအတွက် ပူရတယ် ။ မြေးရှိတဲ့သူက မြေး မြစ် အတွက် ပူရတယ် ။ တိုက်ရှိသူက တိုက်အတွက် ၊ ကားရှိသူက ကားအတွက် ပူပါတယ် ။ ကျောင်းရှိတဲ့သံဃာက ကျောင်းအတွက် ပူပါတယ် ။ တရားအားထုတ်ဖို့ တိုက်တွန်းရင် တချို့က လိမ်လိမ်မာမာ ငြင်းပယ်ကြပါတယ် ။ တချို့က ခါးခါးသီးသီး ငြင်းပယ်ကြပါတယ် ။ တချို့ မအားသေးလို့ပါလို့ ဆိုကြပါတယ် ။
     တရားအားထုတ်ပါမယ်လို့ ၀န်ခံချက် အခါခါ လှိုက်လှိုက်လှဲလှဲ ထက်ထက်သန်သန် ပေးကြတဲ့သူတွေတောင်မှ အိမ်ရောက်သွားတဲ့ခါ တရားအားထုတ်မယ်ဆိုတဲ့သူတို့ဝန်ခံချက်ဟာ ပျောက်ကွယ်ငုပ်လျှိုးသွားပါတယ် ။ သံယောဇဉ်ကြိုးတို့ရဲ့ ဖြစ်တောက်ဖို့ ခက်လှပုံကို ပိုမို သဘောပေါက်ရပါတယ် ။ ခိုင်လှတဲ့ကြိုးဖြစ်ကြောင်းကိုလည်း သိရှိရပါတယ် ။ အဲဒီ သံယောဇဉ်ကြိုးတွေဟာ အပါယ်ကို ဆွဲချနိုင်ကြပါတယ် ။ ဒီကြိုးတွေကို ချည်နှောင်တဲ့နေရာမှာ အရေတွေကိုလည်း မဖြတ် ၊ အသားတွေကိုလည်း မဖြတ်ပါဘူး ။ သွေးလည်း မထွက်စေရပါဘူး ။ ချည်နှောင်ထားမှန်းလည်း မသိစေရပါဘူး ။ ဒါပေမယ့် လိပ်ခဲတည်းလည်းပမာ ဖြေရခက်လှပါတယ် ။
         ပညာရှိသူတော်ကောင်းတွေကတော့ သံယောဇဉ်နှောင်ကြိုးကို ဉာဏ်ဓားနဲ့ ဖြတ်တောက်ကြပါတယ် ။ မုန်ယစ်တဲ့ ဆင်ပြောင်တွေဟာ သံကြိုးတွေကို ဖြတ်တောက်ကြပါတယ် ။ ခြင်္သေ့ငယ်တွေဟာ လှောင်အိမ်ကို ဖျက်ဆီးဖြတ်တောက် ကြပါတယ် ။ ပညာရှိသူတော်ကောင်းတွေကလည်း ကာမဂုဏ်အာရုံတွေကို အမှိုက်ပုံပမာ စက်ဆုပ်ကာ စွန့် ခွာကြပါတယ် ။
ရဟန်း ၊ ရှင် ၊ လူတွေဟာ သံယောဇဉ်နှောင်ကြိုးတွေကို ဉာဏ်ဓားနဲ့ မဖြတ်တောက်နိုင်သေးသမျှ သံယောဇဉ်ကြိုးတွေရဲ့ ချည်နှောင်မှုကို ခံနေကြရပါမယ် ။ ကြိုးတန်းလန်းနဲ့ ပုဂ္ဂိုလ်တွေဟာ အိမ်ကမခွာနိုင်ကြပါဘူး ။ ရုန်းမထွက်နိုင်ကြပါဘူး ။ြိကိုးချည်ခံထားရသူတွေဟာ မလွတ်လပ်ပါဘူး ၊ ကျဉ်းကျပ်ပါတယ် ။ ဒုက္ခတွေလည်း ထူပြောလှပါတယ် ။ ပူလောင်ကြပါတယ် ။ ပင်ပန်းကြပါတယ် ။
တရားရိပ်သာရောက်လို့ တရားအားထုတ်နေရင်းတောင် တချို့ ပုဂ္ဂိုလ်တွေမှာ ကြိုးကတန်းလန်း ပါရှိနေကြပါသေးတယ် ။ ကြိုးကိုမဖြတ်တောက်ဘဲ ကြိုးတန်းလန်းနဲ့အားထုတ်ရင် တရားခရီးမတွင်ပါဘူး ။ သံယောဇဉ်နှောင်ကြိုးဟာ အိမ်ကမထွက်နိုင်အောင်လည်း ချည်နှောင်တတ်ပါတယ် ။ ရိပ်သာရောက်သွားသူတွေကို အိမ်ပြန်ရောက်လာအောင်လည်း ဆွဲငင်တတ်ပါတယ် ။ သံယောဇဉ်ကြိုးတွေရဲ့ ချည်နှောင်အား ၊ ဆွဲငင်အားက ကြီးမားလှပါတယ် ။ ပြင်းထန်လှပါတယ် ။ ခိုင်မြဲလှပါတယ် ။
         ဘုရားအလောင်တော်ဟာ သံယောဇဉ်နှောင်ကြိုးတွေရဲ့ ချည်နှောင်မှုကို ခံတဲ့အခါ ခံရပေမယ့် ဖြတ်တောက်နိုင်ခဲ့ပါတယ် ။ ဖြတ်တောက်ဖန်များတော့ သူ့ ဉာဏ်က တုံးမသွားဘဲ ပို၍ပို၍ ထက်ထက်လာပါတယ် ။ ဘုရားရှင်ရဲ့တပည့်တွေဟာလည်း သံယောဇဉ်ကြိုးတွေကို ကြိုးစားကြိုးစားပြီး ဉာဏ်ဓားနဲ့ ဖြတ်တောက်ဖြတ်တောက် ပေးကြရပါမယ် ။ ဖြေရခက်တဲ့ကြိုးတွေဟာ ဉာဏ်နဲ့ဖြေရင် ပြေနိုင်ပါတယ် ။

ဆက်လက်ဖတ်ရှူရန်...

ဗုဒ္ဓဘာသာ ဆိုသည်မှာ

(၁၅.၈.၂၀၀၆ ခုနှစ် မန္တလေးမြို့ Intensity Speaking Center မှာ ဘာသာကြီးများဆိုင်ရာနှီးနှောဖလှယ်ပွဲလေး ကျင်းပခဲ့ပါတယ်၊ အဲဒီနှီးနှောဖလှယ်ပွဲမှာ Ashin Tikkhanyanalinkara ဖတ်ကြားတင်သွင်းခဲ့တဲ့ စာတမ်းလေးကို
မျှဝေလိုက်ပါတယ်)

ထေရ၀ါဒ ဗုဒ္ဓဘာသာမူ (၅)ရပ်

မဟာသက္ကရာဇ်(၁၀၃)ခု၊ ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ ဘီစီ(၅၈၈)-က ဒီကမ္ဘာကြီးမှာ ဗုဒ္ဓရတနာ ပွင့်ထွန်းပေါ်ပေါက်ခဲ့ပါတယ်၊ တဆက်တည်းမှာပဲ မဟာသက္ကရာဇ် (၁၀၃)ခု ၀ါဆိုလပြည့် စနေနေ့ ဘီစီ ၅၈၈ မှာ ဓမ္မရတနာ စတင်ခဲ့သလို မဟာသက္ကရာဇ် (၁၀၃)ခု ၀ါဆိုလပြည့်ကျော် ၂ ရက် တနင်္လာနေ့ ဘီစီ ၅၈၈ ခုမှာ သံဃာရတနာ စတင်ပေါ်ပေါက်ခဲ့ပါတယ်။
မြတ်ဗုဒ္ဓ ဟာ ဘုရားအဖြစ်နဲ့ ၄၅ နှစ် နေပြီး မဟာသက္ကရာဇ် ၁၄၈ ခု၊ ကဆုန်လပြည့် အင်္ဂါနေ့ ဘီစီ ၅၄၃ မှာ ပရိနိဗ္ဗာန် စံလွန်တော်မူပါတယ်၊ ဗုဒ္ဓအဖြစ်နဲ့ ၄၅ နှစ်အတွင်း တာဝန်ကြီး ၂ ရပ်ကို တစ်နေ့လျှင် ၂၂ နာရီ မိနစ် ၂၀ ခန့်မျှ နေမအား ညမနား လူသား, သတ္တ၀ါတို့၏ ကောင်းကျိုးကို မျှော်ကိုး၍ ထမ်းဆောင်တော်မူခဲ့ပါတယ်၊
အဲဒီ တာဝန်ကြီး ၂ ရပ်ကတော့..... (၁) ဓမ္မကို ဟောပြောခြင်း, ဖြေဆိုခြင်း (၂) သံဃာ့အဖွဲ့အစည်းကို ထူထောင်ခြင်းတို့ပဲ ဖြစ်ပါတယ်၊ ထို မြတ်ဗုဒ္ဓ ဟောပြသည့်ဓမ္မအတိုင်း လက်တွေ့လိုက်နာ ကျင့်သုံးသူများကို ဗုဒ္ဓဘာသာဝင်လို့ခေါ်ဆိုပါတယ်၊ ဗုဒ္ဓဘာသာဝင် တစ်ဦး ဖြစ်ရန်အတွက် ကျယ်ပြန့်တဲ့ ဥပဒေ တွေ မရှိပါဘူး၊ ဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ခြင်း, တရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ခြင်း, သံဃာကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ခြင်း လို့ ခေါ်တဲ့ သရဏဂုံ သုံးပါးကို လက်ခံလိုက်လို့ ရှိရင် ဗုဒ္ဓဘာသာဝင် အဖြစ်ရောက်ရှိပါတယ်၊
ဗုဒ္ဓဘာသာဝင်တစ်ဦး အတွက် လိုက်နာကျင့်သုံးရမည့် စည်းကမ်း ၅ မျိုး ရှိပါတယ်၊ အဲဒါတွေကတော့.....
(၁) သက်ရှိလူသား တိရစ္ဆာန် တို့ရဲ့ အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ရခြင်း။
(၂) သူတပါးပစ္စည်းကို ခိုးယူလုယက်ခြင်းမှ ရှောင်ကြဉ်ရခြင်း။
(၃) ကာမဂုဏ် ဖေါက်ပြန်မှု, အိမ်ထောင်ရေး ဖေါက်ပြန်မှု မှ ရှောင်ကြဉ်ရခြင်း။
(၄) မဟုတ်မမှန်ပြောဆိုခြင်းမှ ရှောင်ကြဉ်ရခြင်း။
(၅) မူးယစ်ဆေးဝါး သုံးစွဲခြင်း, ရောင်ဝယ်ခြင်းမှ ရှောင်ကြဉ်ရခြင်းဆို တဲ့ စည်းကမ်း ၅ မျိုးတို့ပဲ ဖြစ်ပါတယ်။
မြတ်ဗုဒ္ဓ ချမှတ်သည့် ဒီစည်းကမ်း ၅ မျိုးကို ကြည့်ရင် မြတ်ဗုဒ္ဓဟာ လူသားတို့ရဲ့ အသက်, အိုးအိမ်, စည်းစိမ်, ချမ်းသာ, လုံခြုံဖို့၊ အိမ်ထောင်ရေး သာယာဖို့၊ ဒီကမ္ဘာကြီးမှာ သစ္စာတရားထွန်းကားဖို့၊ လူသားတို့ရဲ့ ဥာဏ်ရည်အဆင့်အတန်း မှီဖို့ အရေးကို မျှော်တွေးကာ အထက်ပါစည်းကမ်း ၅ ချက်ကို ချမှတ်ခဲ့တယ်ဆိုတာ တွေ့ရမှာပါ။
လူသားတွေဟာ အပျော်ကြူးခြင်း, အလိုရမက်ကြီးခြင်း, ကြောက်စိတ်များခြင်းတို့ကြောင့် မိမိတို့ဘ၀ အတွက် အားကိုးရာတွေကို စိတ်ကူးပုံးဖေါ်ပြီး ယုံကြည်ကိုးကွယ်တတ်ကြပါတယ်၊ စိတ္တဇ အတွေးတွေကို ပုံဖေါ်ပြီး ယုံကြည်ကိုးကွယ်လက်ခံနေတာကို မြတ်ဗုဒ္ဓက နှစ်သက်တော်မမူပါဘူး၊ ဒါကြောင့် ဗုဒ္ဓဘာသာဝင်မှန်ရင် အထင်စွဲအာရုံ ကိုးကွယ်မှုမျိုးစုံကို စွန့်လွှတ်ရမှာဖြစ်သလို အတွေးစွဲအလီလီ ယုံကြည်မှုအရပ်ရပ်ကိုလည်း ပယ်စွန့်ကြရပါလိမ့်မယ် သို့ဖြစ်၍ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင် စစ်စစ်ဖြစ်ရေးအတွက် ဥပဒေသ မူကြီး ၅ ရပ်ကို စံပြု သတ်မှန်ထားခဲ့ပါတယ်။
အဲဒါတွေကတော့ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်မှန်ရင်.......
(၁) ယုံကြည်မှုသဒ္ဓါတရားရှိရမည်။
(၂) စောင့်ထိန်းမှု သီလရှိရမည်။
(၃) ကောတုဟလ မင်္ဂလာကို မယုံကြည်ရ။
(၄) ကံတရားကို ယုံကြည်သူဖြစ်ရမည်။
(၅) သာသနာတော်ပြင်ပ၌ ကိုးကွယ်မှုကို မရှာမှီးရ- ဆိုတဲ့
ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်တို့အတွက် မူကြီး ၅ ရပ်ကို အဂ္ဂုင်္တ္တရနိကာယ်မှာ ချပြတော်မူခဲ့ပါတယ်။
တဆင့်တက်ပြီး အနည်းငယ် ရှင်းပြလိုပါတယ်
(၁)ယုံကြည်မူသဒ္ဓါတရားရှိရမည်-ဆိုသည်မှာ ဘုရား တရား သံဃာ ရတနာသုံးပါး တို့၌ ဘုရားစစ် ဘုရားမှန် တရားစစ် တရားမှန် သံဃာစစ် သံဃာမှန် ဖြစ်ကြောင်း ယုံကြည်လက်ခံတဲ့ စိတ်ရှိရမယ်လို့ ဆိုလိုပါတယ်။
(၂) စောင့်ထိန်းမူ သီလ ရှိရမည်- ဆိုသည်မှာ ၀ါရိတ္တ သီလ လို့ခေါ်တဲ့ ငါးပါး, ရှစ်ပါး သီလ နဲ့ စာရိတ္တ သီလလို့ ခေါ်တဲ့ လင်ကျင့်ဝတ်, မယားကျင့်ဝတ်, ဆရာ့ကျင့်ဝတ်, တပည့်ကျင့်ဝတ်, မိဘ ကျင့်ဝတ်, သားသ္မီး ကျင့်ဝတ်, အထက်လူကြီးကျင့်ဝတ်, အောက်လက်ငယ်သားကျင့်ဝတ်- စတဲ့ လုပ်သင့်လုပ်ထိုက်တဲ့ ကျင့်ဝတ်သီလ များနဲ့ ပြည်စုံရမယ်လို့ ဆိုလိုပါတယ်။ နံပါတ် ၂ ဥပဒေသ နှင့် မြတ်ဗုဒ္ဓက မလုပ်ဘဲနေရမှာကို မလုပ်ဘဲနေရဲတဲ့ သတ္တိ၊ လုပ်သင့်လုပ်ထိုက်တာကို လုပ်ရဲတဲ့ သတ္တိ လူသားတို့ရဲ့ စိတ်မှာမွေးမြူနိုင်ဖို့ မီမောင်ထိုးပြသွားတာပဲဖြစ်ပါတယ်။
(၃) ကောတုဟလမင်္ဂလာကို မယုံကြည်ရ-ဆိုသည်မှာ အချို့သောလူများဟာ” အိမ်မြောင်စုတ်ထိုးရင်… လာဘ်ကောင်းတယ်” “ ကျီးကန်းလာနားရင်…. နိမိတ်မကောင်းဘူး” ဆိုတဲ့ ကောတုဟလမင်္ဂလာကို ယုံကြည်လက်ခံကြပါတယ်၊ မြတ်ဗုဒ္ဓက ဗုဒ္ဓဘာသာဝင်မှန်ရင် ရက်ရာဇာ, ပြဿဒါး, ကျီးကန်းလာခြင်း, အိမ်မြောင်စုတ်ထိုးခြင်း, နေကြတ်, လကြတ်- စတာတွေကြောင့် ကောင်းကျိုး ဆိုးကျိုး ရှိတယ်ဆိုတာတွေကို လက်မခံဖို့ နံပါတ် ၃ ဥပဒေသကို ချမှတ်တော်မူခဲ့ပါတယ်---
ကောင်းကျိုးလိုလားသူ ကောင်းတဲ့လုပ်ရပ်တွေ ကို လုပ်ရမှာဖြစ်သလို မကောင်းကျိုး မခံစားလိုသူတွေ အတွက် မကောင်းတဲ့ အပြုအမူ အပြောအဆို တွေးအကြံများကို မပြုလုပ်မိဖို့လိုပါတယ် အတွေးအကြံများက မကောင်းတဲ့ဘက်မှာ အမြဲပျော်မွေ့နေပေမယ့်
တန်ပြန်သက်ရောက်မှု ကောင်းကျိုးကို မျှော်လင့်နေကြတာဟာ “ကောင်းကင်က ရေစီး မြေ ကီး က လသာမယ့်အချန်တွေကို စောင့်နေကြတာနဲ့ “ အတူတူပါပဲ။
(၄) ကံတရားကို ယုံကြည်သူဖြစ်ရမည်-ဆိုသည်မှာ အကြင်မျိုးစေ့ကို စိုက်ပျိုး၏ ထိုအပင်ကို သာလျှင် ရိတ်သိမ်းရ၏- ဆိုတဲ့ ဗုဒ္ဓဒေသနာတော်အတိုင်း ကောင်းကံလုပ်ရင် ကောင်းကျိုးခံစားရ မကောင်းကံလုပ်ရင် မကောင်းကျိုးခံစားရမယ်ဆိုတဲ့ သဘောတရားကို ယုံကြည်လက်ခံကြရမယ်လို့ဆိုလိုပါတယ်။
ကံတရားနဲ့ ပတ်သက်လို့အနည်းငယ်ပြောပြခြင်ပါတယ်…
သစ်ပင်တစ်ပင်ကို ကြည့်ပါ.. ဒီသစ်ပင် ရှင်သန်ကြီးထွားဖို့…
(၁) လုံလောက်တဲ့ နေရောင်ခြည်
(၂) လုံလောက်တဲ့ ရေဓာတ်
(၃) ကြီးထွာ သီးပွင့်ရမယ့် အချိန်အခါ-
ဒီအကြောင်းတရား ၃ မျိုး ပေါင်းဆုံမှ သစ်ပင်ဟာ ရှင်သန်ကြီးထွား ပွင့်သီးမှာဖြစ်ပါတယ် ဒါကို ဗီဇနိယာမလို့ခေါ်ပါတယ်။ ဒီဗီဇနိယာမလိုပါပဲ မိမိတို့ပြုလုပ်လိုက်တဲ့ ကောင်းကံဆိုးကံတွေဟာ ပြုလုပ်လိုက်ပြီးတာနဲ့ တစ်ပြိုင်နက် မိမိတို့ရဲ့ ခန္ဓာကိုယ်မှာ သတ္တိကလေးတွေချန်ထားရစ်ပြီး ပျောက်သွားကြပါတယ် မိမိတို့ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ ဒီသတ္တိ ကလေးတွေဟာ စေတနာ သမင်္ဂီတာ, ကမ္မ သမင်္ဂီတာ, ဥပဋ္ဌာန သမင်္ဂီတာ, ၀ိပါက သမင်္ဂီတာ ဆိုတဲ့ အကြောင်းတရား ၄ မျိုး ပေါင်းစုံတဲ့ အချိန်မှာ တန်ပြန်သက်ရောက်မှုအဖြစ် ဧကန်အကျိုးပေးမှာဖြစ်ပါတယ်၊ မြတ်ဗုဒ္ဓက ဗုဒ္ဓဘာသာဝင်မှန်ရင် ဒီကမ္မနိယာမ ရဲ့ သဘောတရားကို ယုံကြည်လက်ခံသူ ဖြစ်ရမယ်လို့ မိန့်တော်မူပါတယ်။
(၅) သာသနာတော် အပြင်ပ၌ ကိုးကွယ်မှု ကို မရှာမှီးရ-ဆိုသည်မှာ လူများဟာ အပျော်ကြူးခြင်း အလိုကြီးခြင်း ကြောက်စိတ်များခြင်း စိုးရိမ်စိတ်များခြင်းတွေကြောင့် သာသနာတော်ရဲ့ ပြင်ပဖြစ်တဲ့ နတ်ကိုးကွယ်ခြင်း ဘိုးတော် မယ်တော် ကိုးကွယ်ခြင် အင်း အိုင် လက်ဖွဲ့ ဗေဒင် မန္တာန် ကို အားထား ယုံကြည်ခြင်း စတဲ့ သာသနာတော်ပြင်ပ ကိုးကွယ်ရာ တွေကို ရှာမှီး ကိုးကွယ်နေကြပါတယ်။
မြန်မာပြည်မှာ ခေတ်စားနေတဲ့ အတွင်း ၃၇ မင်း အပြင် ၃၇ မင်း သူရဿတီ မယ်တော် စတဲ့ နတ်တွေရဲ့ သမိုင်းကြောင်းကို ပြန်ကြည့်ရင် မြန်မာပြည်ဖြစ်နတ်များ အစိမ်းသေ နတ်များဖြစ်တယ်ဆိုတာကို လေ့လာတွေ့ရှိနိုင်ပါတယ်၊ ဗြဟ္မဏ တို့ စိတ်ကူးပုံဖေါ် ကိုးကွယ်ခဲ့တဲ့ တကယ် မရှိတဲ့ သူရဿတီ နတ်သ္မီးကို ပိဋကတ် သုံးပုံစောင့် နတ်သ္မီး အဖြစ် ယုံကြည် ကိုးကွယ်နေကြတာဟာ ပိဋကတ် သုံးပုံကို လက်ဆင့်ကမ်းသယ်ဆောင်ခဲ့ကြတဲ့ သံဃာတော်များကို စော်ကားခြင်းဖြစ်သလို မိမိ ဦးနှောက်နဲ့ နှလုံးသားကို အသိအမှတ် မပြုရာလဲ ရောက်ပါတယ်၊
ဒီနေရာမှာ မနုဿဗေဒ ပညာရှင်တစ်ဦးရဲ့ အဆိုအမိန့်ကို ပြောပြချင်ပါတယ် “ ထာဝရ ဘုရားက လူတို့ကို ဖန်ဆင်းထားခြင်းမဟုတ် လူတို့ကသာ ထာဝရ ဘုရားကို ဖန်ဆင်းထားခြင်းဖြစ်သည်” လို့ ဆိုပါတယ် ဒီလိုဆိုရင် ဦးဇင်းက လဲ ပြောချင်ပါတယ် နတ်တို့ က လူတို့ကို စောင့်ရှောက်ထားခြင်းမဟုတ် လူတို့က သာ နတ်တို့ ကို စောင့်ရှောက်ထားခြင်းဖြစ်တယ်ဆိုတာပါပ၊ဲ
ဒါကြောင့် မြတ်ဗုဒ္ဓက ဗုဒ္ဓဘာသာဝင် မှန်ရင် သာသနာပ ကိုးကွယ်မှုကို မရှာရလို့ မိန့်တော်မူခဲ့တာ ဖြစ်ပါတယ်။
ထေရ၀ါဒ ဗုဒ္ဓဘာသာ ၀င် စစ်စစ်ဖြစ်ဖို့ အတွက်….. ယုံကြည်မှု သဒ္ဓါ တရားရှိရမည် ,စောင့်ထိန်းမှု သီလ ရှိရမည်, ကောတုဟလ မင်္ဂလာကို မယုံကြည်ရ, ကံတရားကို ယုံကြည်သူဖြစ်ရမည်, သာသနာတော်ပြင်ပ ကိုးကွယ်မှု မရှာရဆိုတဲ့ ထေရ၀ါဒ ဗုဒ္ဓဘာသာ မူ ၅ ချက်ကို ဦးထိပ် ပန်ဆင်၍ ဗုဒ္ဓ၀ါဒ သဘောတရားဖြစ်သော ဆင်းရဲ ခြင်းမှ ချမ်းသာခြင်းသို့၊ မကောင်းမှု မှ ကောင်းမှုသို့၊ အမှောင်မှ အလင်းသို့၊ မသိမှုမှ သိမှုသို့၊ ဒုက္ခအတွင်းမှ ဒုက္ခလွတ်မြောက်ရာသို့ ရောက်အောင် အသိ အကျင့် ဘက်စုံမြှင့်၍ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင် ဖြစ်အောင် ကြိုးစားကြပါစို့…….။

Theravada Buddhist Foundation (ထေရ၀ါဒ ဗုဒ္ဓဘာသာမူ (၅)ရပ် ) by Ashin Tikkhanyanalinkara ( Tikkhanyanalinkara Ashin )

ဆက်လက်ဖတ်ရှူရန်...

ကျင့်အပ်သောအကျင့်များ

ထိုနှစ်ပါးတို့တွင် အဘယ်သည် ကျင့်အပ်သော အကျင့် မည်သနည်း။ ကိုယ်၌ ဖြစ်သော မလွန်ကျူးခြင်း၊ နှုတ်၌ ဖြစ်သော မလွန်ကျူးခြင်း၊ ကိုယ်နှုတ်၌ ဖြစ်သော မလွန်ကျူးခြင်းသည် ရှိ၏။ ဤသဘောကိုကျင့်အပ်သော အကျင့်ဟု ဆိုအပ်၏။ သီလ စောင့်ထိန်းမှု အားလုံးသည်လည်း ကျင့်အပ်သော အကျင့် မည်၏။

ဤသာသနာတော်၌ အချို့သော ရဟန်းသည် ဝါးပေးခြင်းဖြင့် လည်းကောင်း၊ သစ်ရွက်ပေးခြင်းဖြင့် လည်းကောင်း၊ ပန်းပေးခြင်းဖြင့် လည်းကောင်း၊ သစ်သီး ပေးခြင်းဖြင့် လည်းကောင်း၊ ရေချိုးဆပ်ပြာမှုန့်ပေးခြင်းဖြင့် လည်းကောင်း၊ ဒန်ပူ ပေးခြင်းဖြင့် လည်းကောင်း၊ ချစ်ခင်စေလို၍ မြှောက်ပင့်ပြောဆိုခြင်းဖြင့် လည်း ကောင်း၊ အမှန်နည်းပါး အမှားများသော စကားကို ပြောဆိုခြင်းဖြင့် လည်းကောင်း၊ ကလေးချော့ ကလေးထိန်းပေးခြင်းဖြင့် လည်းကောင်း၊ လူတို့အတွက် သတင်းပို့ ပေးခြင်းဖြင့် လည်းကောင်း၊ မြတ်စွာဘုရား စက်ဆုပ်တော်မူအပ်သော မှားသော အသက်မွေးမှု တစ်ခုခုဖြင့် လည်းကောင်း အသက်မွေးမြူခြင်း မပြုပေ။
ဤသဘော ကို ကျင့်အပ်သော အကျင့်ဟု ဆိုအပ်၏။

''ကျက်စားရာ'ဂေါစရ'''ဟုဆိုရာ၌ကျက်စားသင့်သော နေရာသည် ရှိ၏၊
မကျက်စားသင့်သော နေရာသည် ရှိ၏။

အဘယ်သည် မကျက်စားသင့်သော နေရာမည်သနည်း...

ဤသာသနာတော်၌ အချို့သော ရဟန်းသည် ပြည့်တန်ဆာမအိမ်၌ ကျက်စား၏၊ မုဆိုးမအိမ်၌ ကျက်စား၏၊ အပျိုကြီးအိမ်၌ ကျက်စား၏၊ ပဏ္ဍုက်အိမ်၌ ကျက်စား ၏၊ ဘိက္ခုနီမကျောင်း၌ ကျက်စား၏၊ သေတင်းကုပ်၌ ကျက်စား၏၊ မင်းတို့နှင့် လည်းကောင်း၊ မင်း၏ အမတ်တို့နှင့် လည်းကောင်း၊ တိတ္ထိတို့နှင့် လည်းကောင်း၊ တိတ္ထိတပည့်တို့နှင့် လည်းကောင်း သာသနာတော်နှင့် မလျောက်ပတ်သော ဆက်ဆံခြင်းဖြင့် ဆက်ဆံ၍ နေ၏။ ရဟန်းယောက်ျား ရဟန်းမိန်းမ ဥပါသကာ ယောက်ျား ဥပါသိကာမိန်းမတို့အား သဒ္ဓါတရား မရှိကုန်သော၊ မကြည်ညိုကုန် သော၊ ရေတွင်းသဖွယ် မဖြစ်ကုန်သော၊ ဆဲရေးတတ် ရေရွတ်တတ်ကုန်သော၊ အကျိုးမဲ့ကို အလိုရှိကုန်သော၊ စီးပွါးမဲ့ကို အလိုရှိကုန်သော၊ ချမ်းသာမဲ့ကို အလိုရှိကုန်သော၊ ယောဂကုန်ရာကို အလိုမရှိကုန်သော အကြင် အမျိုး (ဒါယကာ) တို့သည် ရှိကုန်၏။ ထိုသို့ သဘောရှိသော အမျိုး (ဒါယကာ) တို့ကို မှီဝဲ၏၊ ဆည်းကပ်၏၊ ချဉ်းကပ်၏၊ ဤသဘောကို မကျက်စားသင့်သော နေရာဟု ဆိုအပ် ၏။

ဆက်လက်ဖတ်ရှူရန်...

မြတ်ဗုဒ္ဓ၏တရားသည် တိုးတက်ခြင်းကို ပိတ်ဆို့ပါသလား

မနက်ဖြန်၏ နောင်တော်ဖြစ်တဲ့ အရှင်ဒေ၀ိန္ဒာဘိဝံသရေးပို့လိုက်သည့် ဆောင်းပါးလေးတစ်ပုဒ်ပါ။ အားလုံး ဖတ်ကြရအောင်နော်။ ဘာတွေရေးထားလဲပေါ့........

မိမိစိတ်ထဲမှာ ဘယ်လိုမှ မေ့လို့မရသော စကားတစ်ခွန်းရှိ၏။ `` အရှင်ဘုရား မြန်မာလူမျိုးများဟာ ဆင်းရဲတာ ဟာတိုးတက်ကြီးပွားလိုတဲ့ ဆန္ဒနည်းလို့ပါဘုရား၊ ဘာကြောင့်အဲဒီလိုဖြစ်ရသလဲလို့ စဉ်းစား လိုက်တော့ `ပစ္စည်း ဥစ္စာဆိုတာ သေရင် ကိုယ့်နောက်မပါဘူး၊ ကိုယ့်နောက်ပါမှာက တရားပဲ၊ ဘ၀ဆိုတာ အနှစ်ရှာလို့မရဘူး၊အကာ သက်သက်ပါ၊ ဘယ်ဟာမှ အမြဲမရှိ၊ ချမ်းသာတဲ့လူလဲ သေရမှာပဲ၊ ပညာတတ် ပုဂ္ဂိုလ်ကြီးလဲ သေရမှာပဲ´စတဲ့ တရားတွေကြောင့်ပါ၊ ဒီတရားတွေကို နာနေရတော့ လူတွေဟာ စိတ်ဓာတ် တက်ကြွမလာပဲ တိုးတက်ကြီးပွားလို တဲ့ဆန္ဒနည်းသွားကြတယ်၊ ဒါကြောင့် ဗုဒ္ဓဘာသာဝင်တွေ ဆင်းရဲ ကြတာ ဘုရား´´ဟူသောစကားပင်တည်း။

ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတစ်ယောက်က လျှောက်သောစကား ဖြစ်၏။ မိမိစိတ်ထဲမှာ တုန်လှုပ် ခြောက်ခြား သွားပါတော့၏။ ``ဟာ ဒုက္ခပဲ၊ ဘုရားရှင်ရဲ့တရားကြောင့် မြန်မာလူမျိုးတွေဟာ ဆင်းရဲနေတယ် ဆိုပါလား၊ ဘုရားမြတ်စွာရဲ့တရားဟာ လူတွေကို စိတ်ဓာတ်ကျအောင်လုပ်နေသလို ဖြစ်နေသတဲ့၊ ဘုရား ဘုရား´´ဟု ငြီးတွားမိတော့သည်။ ထိုသူသည် ဗုဒ္ဓဘာသာကို ကိုးကွယ်သူတစ်ယောက်ဖြစ်၏။ ယင်းကဲ့သို့ ပြောခြင်းသည် ဘုရားမြတ်စွာကို မကြည်ညိုသောကြောင့် မဟုတ်ပေ။ ဘုရားမြတ်စွာအကြောင်းကို ခရေစေ့ တွင်းကျ မသိရှိ သောကြောင့်တည်း။

``၀ီရိယ၀တော ကိံ နာမ ကမ္မံ နသိဇ္ဈတိ- ၀ီရိယရှိလျှင် မည်သူ့အဘိဓာန်မှာဖြစ်ဖြစ် မဖြစ်နိုင်ဆိုသော ဝေါဟာရမရှိ။ အရိုးကြေကြေ အရေခန်းခန်း ကြိုးစားသူတို့သည် ဘယ်နေရာမှာဖြစ်ဖြစ် အောင်မြင်မှုသရဖူကို ဆွတ်ခူးနိုင်ပေ၏´´ စသည်အားဖြင့် ဟောထားသော မြတ်ဗုဒ္ဓ၏တရားများ ရှိပေသည်သာ။ ထို့ကြောင့် ဘုရား မြတ်စွာ၏ တရားတော်သည် လောကီဘက်မှာပဲဖြစ်ဖြစ်၊ လောကုတ္တရာဘက်မှာပဲ ဖြစ်ဖြစ် ကြီးပွားတိုးတက် ဖို့အတွက် အားပေးသော တရားများဖြစ်ပါသည်။

သူဋ္ဌေးသား သိင်္ဂါလကို ဆုံးမထားသည့် မိဘကျင့်ဝတ်၊ သားသမီးကျင့်ဝတ်၊ ဆရာ့ကျင့်ဝတ်၊ တပည့် ကျင့်ဝတ်စသော ဘုရားမြတ်စွာ၏ အဆုံးအမများကိုသာ တစ်ကမ္ဘာလုံး လိုက်နာကြမည်ဆိုလျှင် ယနေ့ နိုင်ငံတကာ ပြဿနာပေါင်းစုံကို ဒိုင်ခံဖြေရှင်းပေးနေရသော ``ကမ္ဘာ့ကုလသမဂ္ဂဋ္ဌာနချုပ်´´တောင် လိုမည် မဟုတ်တော့ပေ။

အမှန်က ဗုဒ္ဓဘာသာဝင်များ ကြီးပွားတိုးတက်မှုနည်းခြင်းသည် အမြင်မကျယ်ခြင်း၊ ကိုယ့်အချင်းချင်း ကူညီရိုင်းပင်းမှုနည်းခြင်း၊ အေးတိအေးစက်နေတတ်ခြင်း၊ လူမျိုးခြား ဘာသာခြားတို့၏ ညီညွတ်မှုကို အတု မယူခြင်းစသည်တို့ကြောင့် ဖြစ်ပါသည်။

နိုင်ငံရပ်ခြားတိုင်းပြည်၌ အလုပ်လုပ်နေသည့် လူငယ်တစ်ယောက်က ``တပည့်တော်တို့ မြန်မာ လူမျိုးတွေက အလုပ်တူရင် ငြူဆူတယ်ဘုရား။ မနာလိုဝန်တိုဖြစ်တယ်။ အဆင်ပြေတာကို ၀မ်းမသာနိုင်ဘူး။ အချင်းချင်း ရာထူး ဂုဏ်ယှဉ်ချင်ကြတယ်။ ပြီးတော့ အောင်မြင်နေတဲ့သူကလည်း ကိုယ့်အချင်းချင်း နှိမ်ချင် တယ်။ ဒီလိုစိတ်ဓာတ်တွေက တပည့်တော်တို့မြန်မာလူမျိုးတွေရဲ့နှလုံးသားကို လှိုက်စားနေပါတယ်၊ ဗုဒ္ဓဘာသာ ၀င်ဖြစ်နေပြီး ဘာ့ကြောင့် ဒီလိုအောက်တန်းကျတဲ့စိတ်တွေ ဖြစ်နေတာလဲ မသိပါဘူးဘုရား´´ဟု မြန်မာလူမျိုး များကို အားမလိုအားမရဖြစ်ရကြောင်း လျှောက်ထားဖူး၏။

ယင်းသို့ကူညီမှု ရိုင်းပင်းမှု စည်းလုံးမှု ညီညွတ်မှုမရှိသောကြောင့် မြန်မာ့စီးပွားရေးဈေးကွက်များကို ဗုဒ္ဓဘာသာဝင်တို့က ဦးမဆောင်နိုင်ကြတော့ပေ။ မြို့ကြီးပြကြီးတို့၏ အချက်အခြာကျသည့်နေရာများများ၌ ဗုဒ္ဓဘာသာဝင်တို့ ပိုင်ဆိုင်သော စားသောက်ဆိုင်ကြီးများ၊ ကုန်တိုက်ကြီးများ၊ အဆောက်အဦးများကို တွေ့ဖို့ ခဲယဉ်းလှပေသည်။

ဖြစ်သင့်တဲ့လောဘ

ကြီးပွားတိုးတက်ချင်သော ဆန္ဒဖြင့် စီးပွားရေးလုပ်ခြင်းကြောင့် လောဘဖြစ်သည်မှာ မှန်ပေ၏။ သို့သော် လောဘဖြစ်တိုင်း ဒုစရိုက်ဟု ပြောလို့မရပေ။ လောဘသည် ၂-မျိုးရှိပေသည်။ တရားသောလောဘနှင့် မတရား သော လောဘတို့တည်း။ အများအတွက် (မိသားစု၊ ရပ်ရွာ၊ အမျိုး၊ ဘာသာ၊ သာသနာအတွက်) ရည်ရွယ်ပြီး စီးပွားရေးလုပ်ငန်းများ လုပ်လျှင် ``တရားသောလောဘ´´ ဖြစ်၏။ (သေ၀ိတဗ္ဗတဏှာ-ဟုခေါ်၏)။ ဆိုလို သည်ကား ယင်းတရားသောလောဘကြောင့် ကုသိုလ်ကောင်းမှုများ တပွေ့တပိုက်ကြီး ရနိုင်ခြင်းပင်။ ထို့ကြောင့် တရားသောလောဘသည် ဖြစ်သင့်သောလောဘတည်း။

မိမိမှာ ပစ္စည်းဥစ္စာ များများရှိလျှင် စာသင်ကျောင်းပဲ ဆောက်ဆောက်၊ ရေတွင်းရေကန်ပဲ တူးတူး၊ မိဘဆွေမျိုးတွေကိုပဲ ထောက်ပံ့ထောက်ပံ့၊ ဆေးရုံကိုပဲလှူလှူ မိမိကြိုက်သည့်ကုသိုလ်ကို လုပ်နိုင်ပေသည်။ မိမိလုပ်ချင်သည့် ဘာသာရေး လူမှုရေးလုပ်ငန်းမှန်သမျှကိုလည်း လုပ်နိုင်၏။ အူမတောင့်မှ သီလ စောင့်နိုင် သည် မဟုတ်ပါလော။

ကျောင်းဒကာကြီး အနာထပိဏ် ကျောင်းအမကြီး ၀ိသာခါတို့ ကျောင်းတိုက်ကြီးဆောက်လုပ်ပြီး သာသနာပြုနိုင်ခြင်းသည် ဓနဥစ္စာကြွယ်ဝသောကြောင့်ပင်တည်း။ ဘုရင်မင်းမြတ်အနော်ရထာသည်သည် နိုင်ငံ တော်ကြီးကို ပြုပြင်ပြောင်းလဲခဲ့၏။ ဘုရားပုထိုးများတည်ခဲ့၏။ ဆည်မြောင်းတာတမံများကို ဆောက်လုပ်၏။ ရှေး အခေါ် ပိဋကတ်တိုက် ၊ ယခုခေတ်အခေါ် စာကြည့်တိုက်များကိုလည်း တည်ဆောက်ခဲ့၏။ ထို့ကြောင့် ``စာကြည့်တိုက်အစ ပိဋကတ်တိုက်က´´ဟုပင် ပြောနိုင်ပါ၏။ ယင်းသို့ တိုင်းကျိုးပြည်ပြုအလုပ်များကို လုပ်နိုင် ခြင်းသည် တန်ခိုးသြဇာ ကြီးမားသောကြောင့်ပင်တည်း။

ယင်းတန်ခိုးသြဇာ၊ ဓနဥစ္စာတို့သည်ကား တန်ဖိုးရှိရှိ အသုံးချတတ်လျှင် နိဗ္ဗာန်ဆိပ်ကူးတံတားပင် တည်း။ ဦးအနာထပိဏ်၊ ဒေါ်ဝိသာခါ၊ ဘုရင်အနော်ရထာတို့ကား တန်ခိုးသြဇာ၊ ဓနဥစ္စာတို့ဖြင့် နတ်ရွာ နိဗ္ဗာန်သို့ တက်လှမ်း သွားကြကုန်ပြီ။ ထို့ကြောင့် တန်ခိုးသြဇာ၊ ဓနဥစ္စာတို့ကို ရရှိအောင် ကြိုးစားသင့်လှပါသည်။ တတ်နိုင်သူများအနေဖြင့် တိုက် ၁-လုံးကနေ တိုက် ၁၀-လုံး ၁၅-လုံးဖြစ်အောင်၊ ကား ၁-စီးကနေ ကား ၁၀-စီး ၁၅-စီးပိုင်အောင် စီးပွားရေးလုပ်ကြစမ်းပါ။ မိမိတို့ ဗုဒ္ဓဘာသာဝင်တစ်ယောက် သန်းပေါင်းများစွာ ချမ်းသာသော သူဋ္ဌေးသူကြွယ်ဖြစ်နေလျှင် မြန်မာလူမျိုးတို့အနေဖြင့် အင်မတန် ဂုဏ်ယူသင့်ပေသည်။

မြွေပွေး၏ ပါးစပ်ထဲသို့ရောက်သွားသည့် မိုးရေစက်သည် အဆိပ်ဖြစ်သွားသော်လည်း မုတ်ကောင်၏ ပါးစပ်ထဲသို့ ရောက်သွားသော မိုးရေစက်သည်ကား ပုလဲဖြစ်သွားပေသည်။ မိုးရေစက်ခြင်းတူသော်လည်း တန်ဖိုးခြင်း မတူတော့။

လောကကြီးသည် ခြွေမှ ရံ၏။ မခြွေလျှင် မရံပေ။ မှန်၏။ တချို့ဆင်းရဲသောဗုဒ္ဓဘာသာဝင်များသည် ဘာသာခြားတို့က ဓနဥစ္စာများဖြင့် ထောက်ပံ့ကြသောကြောင့် ဗုဒ္ဓဘာသာကို ကျောခိုင်းသွားတော့သည်။ အဘယ်သို့ ကာကွယ်မည်နည်း။ တန်ခိုးသြဇာ၊ ဓနဥစ္စာတို့သာရှိလျှင် ယင်းမိသားစုများကို စားနပ်ရိက္ခာ တို့ဖြင့်ထောက်ပံ့ပြီး ဗုဒ္ဓဘာသာဝင်ထဲသို့ရောက်အောင် ပြန်ပြီးစည်းရုံးနိုင်ပေမည်။ ထို့ကြောင့် အရင်းအနှီး တောင့်တင်းသော ဗုဒ္ဓဘာသာဝင်တို့သည် စက်ရုံအလုပ်ရုံ၊ ကုန်တိုက်စသည်များကို တည်ထောင်နိုင်အောင် ကြိုးစားသင့်လှပေသည်။ ဓနဥစ္စာတို့ရှိမှသာလျှင် ကိုယ့်လူမျိုးများကို ထောက်ပံ့နိုင်မည်မဟုတ်ပါလော။

တစ်ကျပ်နှင့်တစ်ရာ ဘယ်ဟာကို ယူမှာလဲ

မြတ်စွာဘုရားရှင်သည် အလောင်းတော်ဘ၀မှစ၍ ဘုရားဖြစ်သည့်တိုင်အောင် ကိုယ့်အမျိုး၏ အကျိုး စီးပွားကို လုပ်ခဲ့ပါသည်။ အလောင်းတော်ဘ၀က ကိုယ့်အမျိုးကို ပျက်စီးအောင် လုပ်သူများအား ကာကွယ်သော အားဖြင့် တိုက်ခိုက်ချေမှုန်းခဲ့သည်ကို တွေ့မြင်နိုင်ပါသည်။ ကိုယ့်အမျိုးကို စော်ကားသူများကို မိမိနှင့် မဆိုင်ပါဘူးဟူသော စိတ်ဖြင့် ဦးခေါင်းငုံ့ မခံခဲ့ပေ။ တစုံတစ်ယောက်ကြောင့် လူသူလေးပါး ဒုက္ခရောက်နေလျှင် ထိုတစုံတစ်ယောက်ကို နောက်နောင်ရှောင်ကြဉ်အောင် တရားသောနည်းဖြင့် တုန့်ပြန်ခဲ့ပေသည်သာ။

``ခန္တီ-သည်းခံရမည်´´ဟုဆိုသော်လည်း သူ့နေရာနှင့်သူ ကျင့်သုံးတတ်ဖို့လိုအပ်လှ၏။ တိုင်းတစ်ပါး သား လူမျိုးခြား တစ်ယောက်က မြန်မာ့တိုင်းရင်းသားမိန်းကလေးများကို မတရားသဖြင့်နှောက်ယှက်နေလျှင် လက်ပိုက်ကြည့်နေ၍ မဖြစ်ပေ။ နောက်နောင်မနှောက်ယှက်အောင် ရှေးဦးစွာ ပြေပြေလည်လည် ပြောဆိုရ ပေမည်။ အကယ်၍ မရခဲ့လျှင် ဖိုးသူတော်မေတ္တာပို့နည်းဖြင့် ပို့သင့်က ပို့ရပေမည်။

တခါက ဘုန်းတော်ကြီးတစ်ပါး ဖိုးသူတော်နှင့် ခရီးသွားရာဝယ် လမ်းခုလတ်၌ ကျွဲရိုင်းကြီးတစ်ကောင် နှင့် ပက်ပင်းတိုးမိ၏။ ကျွဲရိုင်းကြီးက ခတ်မည့်အမူအရာဖြင့်ပြေးလာရာ ဘုန်းကြီးက ``ချမ်းသာပါစေ´´ဟု မေတ္တာပို့လေ၏။ သို့သော် ကျွဲရိုင်းကြီးက နောက်မဆုတ်ပဲ ပြေးမြဲပြေးလာသဖြင့် ဖိုးသူတော်က အုတ်ခဲကျိုးဖြင့် ၂-ချက်လောက် ထုလိုက်ရာ ကျွဲရိုင်းကြီး ထွက်ပြေးရှာလေတော့သည်။ ထိုအခါ ဆရာဖြစ်သူဘုန်းတော်ကြီးက ``သူတော်ရေ မင်းမေတ္တာက ငါ့မေတ္တာထက် ပိုစွမ်းတယ်ကွ´´ဟု ၀မ်းပန်းတသာ မိန့်တော်မူလေသတတ်။ ဤကား ဖိုးသူတော်မေတ္တာပို့နည်းတည်း။

ဖိုးသူတော်က ကျွဲရိုင်းကြီးကို အုတ်ခဲကျိုးဖြင့် ဆုံးမလိုက်ရခြင်းသည် ကျွဲရိုင်းကြီးကို ဒုက္ခရောက်စေ လိုသော ကြောင့်မဟုတ်၊ ဆရာဘုန်းကြီးကို ကြည်ညိုလေးစားသောကြောင့်တည်း။ မည်သည့်အရာမဆို တစ်ခုခုကို ရွေးချယ်ရတော့မည်ဆိုလျှင် တန်ဖိုးရှိသည့်အရာကိုသာ ရွေးချယ်ရသည်မှာ သဘာဝတည်း။ ယင်း သဘာဝတရားကိုပင် ``ဓမ္မ´´ဟုခေါ်သည်မဟုတ်ပါလော။



မတရားလောဘဆိုတာ

မတရားလောဘဆိုသည်မှာ အတင်းအဓမ္မလိုချင်သော စိတ်၊ သူများဆီက ငွေကို အချောင်လိုချင်သော စိတ်၊ လုယက်တိုက်ခိုက်ပြီး လိုချင်သောစိတ်များပင်တည်း။ ကမ္ဘာမှာ အစဆုံးဖြစ်သော မကောင်းမှုဒုစရိုက်မှာ အဒိန္နာဒါန ( ခိုးယူခြင်း)ပင် ဖြစ်၏။ မတရားလောဘကို အခြေခံ၍ဖြစ်သော ဒုစရိုက်တည်း။

ကမ္ဘာဦးလူများသည် စားနပ်ရိက္ခာအတွက် ကိုယ့်လယ်နှင့်ကိုယ် အသီးသီး စပါးစိုက်ပျိုးကြ၏။ အစပိုင်း မှာ မည်သည့်ပြဿနာမှ မဖြစ်။ နောက်ပိုင်းရောက်လာသည့်အခါ အချောင်သမားများက စပါးများကို ခိုးကြ တော့၏။ ယင်းလောဘကား မတရားလောဘတည်း။ သို့နှင့် လူအများသည် သမာသမတ်ကျသော လူ တစ်ယောက်ကို ခေါင်းဆောင်ခန့်ပြီး ``မင်း´´ဟု သမုတ်ကာ ရပ်ရွာနယ်ပယ်ကို ငြိမ်းချမ်းဖို့အတွက် အုပ်ချုပ် ခိုင်း၏။ သူခိုးဓားပြများကို တိုက်ခိုက်ချေမှုန်းဖို့အတွက် (သို့မဟုတ်) မတရားလောဘသမားများကို ထိန်းချုပ် ပေးဖို့အတွက် မင်းဆိုသည်မှာ ပေါ်ပေါက်လာခြင်းဖြစ်ပေသည်။

တလွဲဆံပင်ကောင်း

ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့သည် `` ဒီလောက်ရှိရင် တော်ပါပြီ၊ ကိုယ့်မိသားစု တစ်သက်စားလို့ မကုန်ဘူး၊ ဒီထက်ပိုပြီးတော့ ချမ်းသာတော့ကော ဘာလုပ်မှာလဲ၊ သေရင် ကိုယ့်နောက်မပါဘူး´´ဟု စသဖြင့် လောဘနည်းသလိုလို၊ ရောင့်ရဲသလိုလိုနဲ့ ပြောတတ်ကြ၏။ တလွဲဆန်ပင်ကောင်းခြင်းပင်တည်း။ အမှန်ကား ဤကဲ့သို့ပြောခြင်းသည် လောဘနည်းခြင်းကြောင့်မဟုတ်၊ အမျိုး ဘာသာကို အားမပေးလိုခြင်း၊ ဇွဲမရှိခြင်း တို့ကြောင့် ဖြစ်ပေသည်။ ကိုယ့်မိသားစုတစ်သက် စားမကုန်လောက်အောင် ချမ်းသာနေလျှင် ကိုယ့်ဆွေမျိုး သားချင်းများကို ပေးကမ်းနိုင်သည် မဟုတ်ပါလော။ ထိုထက်မက ချမ်းသာနေလျှင် တိုင်းပြည်နှင့်လူမျိုးကို ထောက်ပံ နိုင်သည် မဟုတ်ပါလော။

ဘုရားမြတ်စွာက ``ရောင့်ရဲရမည်၊ တင်းတိမ်ရမည်´´ဟု ဟောခြင်းသည် ပစ္စည်းဥစ္စာများကို မရှာရဟု ပြောလိုသည်မဟုတ်ပေ။ တခါတရံ မတရားလောဘကြီးသည့်အခါ ``တုတ်နှင့်ပစ်လို့ရရ၊ ခဲနှင့်ပစ်လို့ရရ၊ ရဖို့သာအဓိက´´ဟု ဆိုပြီး ဒုစရိုက်မျိုးစုံ လုပ်တော့၏။ လုယက်ခြင်း၊ ခိုးဝှက်ခြင်း၊ ချောက်တွန်းခြင်း၊ တစ်ပတ် ရိုက်ခြင်းစသည်တို့ကား မတရား လောဘကြောင့်ဖြစ်၏။

ယင်းကဲ့သို့သော မတရားလောဘများကို ထိန်းပေးဖို့အတွက် ဘုရားမြတ်စွာက ``ရှိတာလေးနှင့် ကျေနပ်ရမယ်၊ ရောင့်ရဲတင်းတိမ်ခြင်းဟာ အကောင်းဆုံးဥစ္စာပါပဲ´´ဟု ဟောတော်မူခြင်းဖြစ် ပေသည်။ စီးပွားရေး လုပ်ငန်း များကို မလုပ်ဖို့အတွက် ဟောတော်မူခြင်းမဟုတ်။

တချို့လူပုဂ္ဂိုလ်များကား လူ့ဘ၀ကြီးကို ငြီးငွေ့သည့်အတွက် စီးပွားရေးလုပ်ငန်းတွေကို မလုပ်ချင် သယောင်ယောင်၊ ၃၁-ဘုံလုံးသည် ဒုက္ခသစ္စာဖြစ်သည့်အတွက် နိဗ္ဗာန်တစ်ဘက်ကမ်းကိုပဲ အခုချက်ချင်း ကူးတော့မည့်ယောင်ယောင် သံဝေဂတရားရနေသည့် ယောဂီသူတော်စင်ကဲ့သို့ ပြောတတ်ကြသေး၏။ ထို ပုဂ္ဂိုလ်များ တရားရိပ်သာကိုသွားပြီး တရားအားထုတ်သောအခါ ၂-ရက်လောက် အားထုတ်ပြီး အိမ်ပြန်လာ တော့၏။ အိမ်ပြန်ရောက်သောအခါ ``ကျန်းမာရေးကလည်း မကောင်းဘူး၊ ဒီတော့ စိတ်သွားတိုင်း ကိုယ် မပါတော့ ဘယ် အားထုတ်လို့ ကောင်းတော့မှာလဲ၊ တရားပြဆရာကလဲ အတွေ့အကြုံနုသေးတော့ တရား နာရတာက အားမရပါဘူးပေါ့ကွာ´´ဟု စသဖြင့် ဆင်ခြေအမျိုးမျိုးပေးပြီး ကိုယ့်အပြစ်ကို သူများပေါ်ပုံချ လေ တော့သတည်း။

အမှန်ကား အပေါ်ယံအသိလေးကို တကယ့်``သံဝေဂတရား´´ဟု ထင်နေခြင်းပင်တည်း။ ယင်းသို့ ထင်ခြင်းသည်လည်း ကိုယ့်ကိုယ်ကို လိမ်နေခြင်းပင် ဖြစ်၏။ သူများအလိမ်မခံရဖို့ထက် ကိုယ့်ကိုယ်ကို အလိမ် မခံရအောင် သတိပြုသင့်၏။

ကျောင်းဒကာကြီးအနာထပိဏ်၊ ကျောင်းအမကြီး ၀ိသာခါတို့သည် သောတာပန် အရိယာပုဂ္ဂိုလ်များ ဖြစ်ကြ၏။ သို့သော် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ ရှိကြပေသည်သာ။ ထို့ကြောင့် လောကီလူသားမှန်သမျှ စီးပွားရေးလုပ်ငန်းကို မဖြစ်မနေ ပြုလုပ်သင့်ပေသည်။

``အောက်ကလိအာ´´ မဖြစ်အောင် သတိပြု

ဘက်ပေါင်းစုံကနေ မကြည့်ဘဲ တစ်ဖက်သတ်ကြည့်နေရင်တော့ အမြင်မှန်ကို ရနိုင်မည်မဟုတ်ပေ။ အမြင်မှန်ကို မရလျှင် လူ့ဘ၀ကြီးကို ငြီးငွေ့သလိုလို၊ စိပ်ပုတီးနှင့်ရိပ်ကြီးခိုတော့မှာလိုလိုနှင့် စီးပွားရေးလုပ်ငန်း များကို မလုပ်ဘဲနေလျှင် လောကီအကျိုးလည်း မရ၊ လောကုတ္တရာအကျိုးလည်း မရဘဲ ကီမဟုတ် ကုတ်မဟုတ်၊ မိနောက်မကျ ဖနောက်မမီ၊ ``အောက်ကလိအာ´´ ဖြစ်သွားမှာ စိုးရပေသည်။ (ကြက်တွန်သံလည်းမဟုတ်၊ ကျီးတွန်သံလည်းမဟုတ်သည်ကို အောက်ကလိအာဟု ခေါ်၏။)

လူမှန်လျှင် လူ့အလုပ်ကို လုပ်ရမည်။ ဘုန်းကြီးမှန်လျှင်လည်း ဘုန်းကြီအလုပ်ကို လုပ်ရမည်။ လူဖြစ် ပါလျက် ဘုန်းကြီးတစ်ပါးကဲ့သို့ စီးပွားရေးအလုပ်များကို မလုပ်ဘဲပစ်ထားလျှင် (သို့မဟုတ်) စီးပွားရေး လုပ်ငန်း များကို လုပ်သော်လည်း စိတ်ပါဝင်စားမှု မရှိလျှင် လူ့တာဝန် ပျက်ကွက်ခြင်းပင်တည်း။ ယင်းသို့ ပျက်ကွက် လျှင် သူ့ မိသားစု နစ်နာပါတော့သည်။

``အလုပ်လုပ်ရင် လုပ်၊ အလုပ်မလုပ်ရင် သေတာက ကောင်းတယ်´´ဟူသော စကားပုံတစ်ခု ရှိ၏။ အသက်ရှင်သန်နေတုန်းမှာ ငွေများများရရှိအောင် အလုပ်လုပ်ရမည် ဟု ဆိုလိုခြင်းပင်တည်း။ ထို့ကြောင့် ပြော ကြသည်ထင်၏။ ``ငွေသည် ဒုတိယဘုရား´´ဟူသတတ်။

ထို့ကြောင့် ဘုရားမြတ်စွာက ပစ္စုပ္ပန်ချမ်းသာရေးကိုအလိုရှိသူများအတွက် `` ဥဋ္ဌာန- မည်သည့် အလုပ်ကိုပဲ လုပ်လုပ် ငုတ်မိသဲတိုင် တက်နိုင်ဖျားရောက်ဆိုတဲ့ နောက်မဆုတ်တမ်းစိတ်ဓာတ် ရှိရမည်၊ အာရက္ခ- ကြွက်သေတစ်ခု အရင်းပြုဆိုသကဲ့သို့ အလေအလွင့်မရှိအောင် ထိန်းသိမ်းစောင့်ရှောက်ရမည်၊ ကလျာဏမိတ္တ- ဈေးကွက်ချဲ့နိုင်ဖို့အတွက် တစ်ရွာတစ်ကျီ ဆောက်ရမည်၊ သမဇီဝိတ- စီမံခန့်ခွဲမှု စာရင်းအင်းပညာကို ကျွမ်း ကျင်ရမည်´´ ဟု သမ္ပဒါတရား ၄-ပါး ကို မိန့်တော်မူခြင်းဖြစ်ပေသည်။

ဤကဲ့သို့ ကြီးပွားရေးတရားများကို သတိမထားမိကြသူများက ``ဘုရားမြတ်စွာ၏တရားသည် ကြီးပွား တိုးတက်ဖို့အတွက် ပိတ်ဆို့သည့်တရား´´ဟု ထင်မြင်ကုန်တော့သည်။

ဤအချက်ကို မိမိတို့ သံဃာတော်အရှင်မြတ်များသိရှိနားလည်ထားဖို့ လိုအပ်လှ၏။ သို့မှသာလျှင် ``ဘယ်လိုနေရာမျိုးမှာ ဘယ်လိုတရားမျိုးကို ဟောသင့်တယ်´´ဆိုသည်ကို နားလည်မည်ဖြစ်ပေသည်။ သူ့နေရာနှင့်သူ သိရှိနားလည်ဖို့ အရေးကြီးလှ၏။ မင်္ဂလာဦးဆွမ်းကျွေးမှာ ညီတော် မင်းနန်ချွတ်ခန်းကို ဟောလို့ မဖြစ်။ လင့်ကျင့်ဝတ်၊ မယားကျင့်ဝတ်တရားမျိုးကို ဟောရပေမည်။ လောကီကြီးပွားရေး တရားများကိုလည်း သူ့နေရာနှင့်သူ ဟောဖို့၊ ပြောဖို့၊ ရေးဖို့ လိုအပ်ပေသည်။

တချို့ဆရာတော်များသည် ``တရားအားထုတ်ချင်သလား၊ ဘုန်းကြီးဝတ်မှ ကောင်းမှာပေါ့၊ ဘုန်းကြီး မ၀တ်နိုင်ဘူးလား၊ မိသားစု သံယောဇဉ်တွေကို ဖြတ်လိုက်စမ်းပါ၊ ဒါဆိုရင် ၀တ်နိုင်ပါတယ်´´ဟု စသဖြင့် မိန့်တော်မူကြ၏။ တချို့သောလူများမှာ ရှောင်လွှဲ၍ မရနိုင်သောတာဝန်များ ရှိနေကြရကား တရားအားထုတ် ချင်သည့် လူတိုင်းကို ဘုန်းကြီးဝတ်ခိုင်းလို့ မဖြစ်ပေ။ လူပုဂ္ဂိုလ်တစ်ယောက်အဖြစ်နှင့် တရားအားထုတ် လျှင်လည်း တရားထူးများ ရနိုင်ပေသည်သာ။

သာဝတ္ထိမြို့ကြီး၌ လူဦးရေ သန်း ၇၀-ရှိရာ သန်း ၅၀-မှာ အရိယာပုဂ္ဂိုလ်များ ဖြစ်ကြ၏။ ဤအရေ အတွက်ကို ကြည့်လျှင်ပင် လူပုဂ္ဂိုလ်အများအပြား ``တရားထူးများ´´ ရကြသည်ဆိုသည်မှာ ပြောဘွယ်မရှိ တော့ပေ။ ကျန်သည့် သန်း ၂၀-ကလည်း သူတို့၏နှလုံးသားထဲ၌ ဗုဒ္ဓတရားများ ထည့်ထားကြသည့် ပုဂ္ဂိုလ်များပင်တည်း။ ထို့ကြောင့် မြတ်ဗုဒ္ဓ၏ အရိပ်အောက်မှာ ရှိသည့် သာဝတ္ထိမြို့ကြီးသည် မည်မျှလောက် တည်ငြိမ်အေးချမ်းမှု သာယာဖွံ့ဖြိုးမှုရှိမည်ဆိုသည်ကို မှန်းဆ၍ ကြည့်နိုင်ပါသည်။ တွေးကြည့်လျှင် လွမ်းမော ဘွယ် ကောင်းလေစွာ့တကား။

စိတ်သာရှင်စော ဘုရားဟော

လူတစ်ယောက်သည် ``ဘုရားဒကာဆိုတဲ့ နာမည်တစ်လုံးရရင်တော်ပါပြီ´´ ဟူသော စိတ်ဖြင့် ဘုရား တည်နေ၏။ အခြားလူတစ်ယောက်ကား ``သားလေးရှင်ပြုဖို့၊ လှူနိုင်တန်းနိုင်ဖို့´´ဟူသော စိတ်ဖြင့် စီးပွားရေး လုပ်ငန်းများကို ဇောက်ချပြီး ကြိုးစားပန်းစားလုပ်နေ၏။ ထိုနှစ်ယောက်တွင် ဘုရားတည်သောသူထက် စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်နေသောသူက ပို၍မြင့်မြတ်၏။ အဘယ်ကြောင့်နည်း။ သူ၏ ရည်ရွယ်ချက်က မွန်မြတ်သောကြောင့်တည်း။

တခါက အလွန်ရင်းနှီးသော တံငါသည် သူငယ်ချင်းနှစ်ယောက်ရှိ၏။ တစ်ရက်လုပ်မှ တစ်ရက်စားရ သောကြောင့် ဥပုသ်နေ့မှာ ဥပုသ်စောင့်ချင်သော်လည်း ဥပုသ်မစောင့်နိုင်ကြ။ သို့နှင့် တစ်ယောက်တစ်လှည့်စီ ဥပုသ်စောင့်ဖို့ တိုင်ပင်ကြလေသည်။ လပြည့်နေ့ရောက်သောအခါ တစ်ယောက်က ကျောင်းသို့ သွားပြီး ဥပုသ်စောင့်၏။

ကျန်ရစ်သူ ကိုတံငါသည်ကတော့ နှစ်ယောက်စာရဖို့အတွက် လှေတစီးနဲ့ ချောင်းထဲမှာ ကြိုးစား ပန်းစားနှင့် ငါးများကို ဖမ်းရလေသည်။ ငါးများ နှစ်ယောက်စာရသောအခါ တံငါတဲထဲ၌ အနားယူရင်း ဥပုသ်စောင့်သွားသည့် သူငယ်ချင်းကို သတိရနေ၏။ ``အင်း ငါ့သူငယ်ချင်းကတော့ ဘုန်းကြီးထံကနေ သီလခံယူဆောက်တည် ပြီးရော့မယ်၊ အခုချိန်မှာ ဘုရားရိပ်မှာ နေပြီးတော့ ပုတီးစိပ်တရားထိုင်လုပ်နေရော့ပေါ့၊ အင်း ကုသိုလ်တွေ အများကြီး ရနေရော့မယ်၊ သိပ်အေးချမ်းမှာပဲ´´ဟု စဉ်းစားပြီး သာဓုခေါ်နေတော့၏။ လူက တံငါတဲ၌နေသော်လည်း စိတ်က ကျောင်းရောက်နေ၏။

ကျောင်းသွားပြီး ဥပုသ်စောင့်သော တံငါသည်ကလည်း ပုတီးကုံးကိုင်ပြီး ကျန်ရစ်သူ သူငယ်ချင်းကို သတိရနေမိ၏။ ``အခုချိန်မှာ ငါ့သူငယ်ချင်း ပိုက်ကွန်နှင့် ငါးတွေ ဖမ်းနေရော့မယ်၊ ဒီနေ့ ငါ့အတွက် ဝေစုပေး ရမှာဆိုတော့ နှစ်ယောက်စာ ဖမ်းရမှာ၊ ဖမ်းမှဖမ်းပါ့မလား၊ နှစ်ယောက်စာ မရရင်တော့ ဒုက္ခပဲ´´ဟု တွေးပြီး လောဘနှင့် သောကဖြစ်နေတော့၏။ လူက ကျောင်းမှာနေသော်လည်း စိတ်က ပိုက်ကွန်ထဲမှ မထွက်။

စိတ်ထားဖြူစင်အောင်နေထိုင်ခြင်းကို ``ဥပုသ်စောင့်သည်´´ဟုခေါ်၏။ ယင်းသို့ဆိုလျှင် ထိုတံငါသည် နှစ်ယောက်တွင် မည်သူက ဥပုသ်စောင့်သနည်း။ အဖြေကား လယ်ပြင်မှာ ဆင်သွားသလိုထင်ရှားလှပါသည်။ ``စိတ်သာရှင်စော ဘုရားဟော``ဆိုသည့်အတိုင်း အတွင်းစိတ်ဓာတ်က တင့်တယ်လျှင် အရာခပ်သိမ်း တင့် တယ်တော့သည်သာ။ ထို့ကြောင့် ဘုရားတည်တိုင်း ကုသိုလ်ရသည်ဟု ပြော၍ မရသကဲ့သို့ စီးပွားရေးလုပ်တိုင်း လည်း တရားနှင့်ဝေးသည်ဟု ပြော၍ မဖြစ်ပေ။

တစ်ယောက်အားထက် ဆယ်ယောက်အားက ပိုထိရောက်
စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်သည့်အခါမှာလည်း ကိုယ့်ဗုဒ္ဓဘာသာဝင်များကို ကူညီ စောင့်ရှောက်ဖို့ အထူးလိုအပ်လှ၏။ ဘာသာခြားများသည် သူတို့ဘာသာဝင်တို့ကိုသာလျှင် အထူးဦးစား ပေးကြ၏။ ထမင်းဆိုင်ခြင်းအတူတူ သူတို့ဘာသာဝင်တို့၏ ထမင်းဆိုင်ကိုသာ အားပေးကြ၏။ လုပ်ပိုင်ခွင့်ရှိ၏။ အပြစ်မဆိုသာပေ။ မိမိတို့ ဗုဒ္ဓဘာသာဝင်များ အတုယူရမည်ဆိုသည်ကို သိရှိနားလည်ဖို့ ပြောရခြင်းဖြစ်သည်။
တိပိဋက မင်းကွန်းဆရာတော်ကြီးသည်ပင်လျှင် ကိုယ့်အချင်းချင်း အားပေးကြဖို့ ကူညီကြဖို့ မိန့်မှာ တော်မူခဲ့ဖူးပါသည်။ ``သမဂ္ဂါနံ တပေါ သုခေါ- ကိုယ့်အချင်းချင်း စည်းလုံးမှ အခက်အခဲမှန်သမျှ ကျော်လွှားနိုင် မည်´´ဟူသော ဘုရားမြတ်စွာ၏ အဆိုအမိန့်ကို လိုက်နာကြမည်ဆိုလျှင် ဗုဒ္ဓဘာသာဝင်များသည် အထက် တန်းကျကျ မျက်နှာပန်းလှလှဖြင့် နေနိုင်သည်ဆိုသည်ကို မည်သည့်ဗေဒင်ဆရာကိုမျှ မေးစရာ မလိုပေ။

မည်သည့်အလုပ်ကိုပဲလုပ်လုပ် ``တစ်ယောက်အား´´နှင့် လုပ်ကိုင်ဆောင်ရွက်ခြင်းထက် ``ဆယ် ယောက်အား´´ နှင့် လုပ်ကိုင်ဆောင်ရွက်ခြင်းက ပို၍ထိရောက်၏။ ယနေ့ခေတ်၌ နိုင်ငံရပ်ခြားတိုင်းပြည်များသို့ သွားရောက်ပြီး အလုပ်လုပ်နေကြသည့် မြန်မာပြည်သားတိုင်းရင်းသားများကို မြောက်မြားစွာ တွေ့ရှိရပေသည်။ စည်းလုံးမှု ညီညွတ်မှုသည် ယင်းကဲ့သို့တိုင်းတစ်ပါးမှာနေကြသည့်သူများမှာ ပို၍ အရေးကြီး၏။ တိုင်းတစ်ပါးတို့၌ ``အလုပ်အကိုင်၊ နေရာတိုက်ခန်း၊ အစိုးရရုံး´´စသည်တို့နှင့် ပတ်သက်ပြီး အခက်အခဲပေါင်းများစွာကို တွေ့ ရှိနိုင်ပေသည်။ ယင်းအခက်အခက်များကို စုပေါင်းပြီးဖြေရှင်းမှ ပို၍ အဆင်ပြေနိုင်ပါ၏။
လူတစ်ရာအတူနေသော်လည်း ``သူတစ်လူငါတစ်မင်း´´ ဖြစ်နေကြလျှင် ``တစ်ရာအား´´ မရှိတော့။ တချို့ရွာ၊ ရပ်ကွက်တို့၌ ဘာသာခြားလူဦးရေထက် ဗုဒ္ဓဘာသာဝင်လူဦးရေက အဆမတန် ပို၍များ၏။ သို့သော် ဘာသာခြားတို့ကား စည်းလုံးမှုရှိရကား စီးပွားရေး၊ လူမှုရေးစသည်တို့၌ ဘာသာခြားတို့ကပဲ ရှေ့ကဦးဆောင် နေပါတော့သည်။ မနာလို၍ ပြောခြင်းမဟုတ်ပါ။ အတုယူလိုသောကြောင့် ပြောရခြင်းဖြစ်၏။
ထိုအကြောင်းများကြောင့် ``အများအတွက်´´ဆိုသည့် ရည်ရွယ်ချက်ဖြင့် စီးပွားရေး လုပ်ငန်းများကို တစ်ခုပြီးတစ်ခု တိုးချဲ့ပြီး ညီညီညွတ်ညွတ်နှင့် လုပ်ကိုင်ဆောင်ရွက်ကြဖို့ အထူးလိုအပ်နေပါပြီ။ အမျိုး ဘာသာ သာသနာအတွက် တက်ကုန်ရွက်ကုန်လွှင့်ပြီး စီးပွားရေး လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်နိုင်ကြလျှင် မြန်မာ့တိုင်းရင်းသားများ မကြီးပွားစရာ အကြောင်းမရှိပေ။ ထိုကဲ့သို့လုပ်ကိုင်ဆောင်ရွက်ခြင်းသည် သမ္မာသမ္ဗုဒ္ဓ ခေါ်တွင် မြတ်ဘုရားရှင်၏ အလိုဆန္ဒနှင့် ကိုက်ညီပါကြောင်း တင်ပြလိုက်ရပါသည်။

သီတဂူ- အရှင်ဒေ၀ိန္ဒာဘိဝံသ
(ashindevindabhivamsa@gmail.com)
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ စစ်ကိုင်း

ဆက်လက်ဖတ်ရှူရန်...

သံဝေဂလင်္ကာ

ငါတို့နေရာ, ဤကမ္ဘာ, တဏှာအုပ်စိုးသည်။
တဏှာစေရာ, မနေသာ, ဖွေရှာဆက်ရသည်။
ရသည့်ဥစ္စာ, ချစ်သူပါ, စွန့်ခွာသွားရမည်။
တကယ့်အရေး, တကယ့်ဘေး, ဘယ်သွေးဘယ်သားမကယ်ပြီ။
ငါနှင့်ရွယ်တူ, ငါ့အောက်လူ, ကြီးသူသေကြများလှပြီ။
ခဏမစဲ, အိုစမြဲ, ကိုယ်လဲသေဘက်နီးခဲ့ပြီ။
ဇရာမီးတောင်, ကိုယ်ထည်းလောင်, သေအောင်မြှိုက်တော့သည်။
မသေရခင်, သွားလမ်းစဉ်, ကြိုတင်ပြင်သင့်သည်။
ဒါနသီလ, ဘာဝနာ, လမ်းသာတွင်လိမ့်မည်။
မဂ္ဂင်ယာဉ်ကြီး, အမြန်စီး, ခရီးထွက်တော့မည်။

ဆက်လက်ဖတ်ရှူရန်...

အချိန်မဆိုင်းဘဲ ချက်ချင်း အကျိုးရသော ချမ်းသာ

လောကီအာရုံ ကာမဂုဏ် ချမ်းသာဆိုတာ
ခံစားချင်တဲ့စိတ်ဖြစ်တာနဲ့ တပြိုင်နက်
ချက်ချင်းခံစားရတဲ့ ချမ်းသာမျိုး မဟုတ်ပါဘူး ။
မချိန်ယူရတဲ့ ချမ်းသာ ၊ အချိန်ဆိုင်းရတဲ့ ချမ်းသာပါ ။
ဘာအလုပ်လုပ်ပဲလုပ်လုပ်
ပါရမီဖြစ်အောင်လုပ်ဖို့ အရေးကြီးပါတယ် ။
လူမှုစီးပွားမျှော်လင့်ချက်နဲ့
တမလွန်ကောင်းကျိုးတောင့်တချက်တွေကို
ဘေးချိတ်ချောင်ထိုးထားလိုက်ပြီး
နိဗ္ဗာန်ချမ်းသာမျှော်လင့်ချက်နဲ့
အများကောင်းကျိုးတောင့်တချက်တွေကို
ရှေ့တန်းတင် ဦးညွတ်ထားလိုက်ရင်
လုပ်သမျှ ပါရမီ ဖြစ်ပါပြီ ။
ပါရမီမြောက်တဲ့ အလုပ်တိုင်းဟာ
လက်ငင်းချမ်းသာတဲ့ အကာလိက အလုပ်တွေပါပဲ ။

ဆက်လက်ဖတ်ရှူရန်...

မသိခြင်း ငါးပါးနဲ့ အသက်ရှင်နေတဲ့ဘဝ

၁။ ဇိဝိတ ၊ ဘယ်အသက်အရွယ်မှာ သေမယ်ဆိုတာလည်း မသိနိုင်ကြဘူး ။
၂။ ဗျာဓိ ၊ ဘယ်အနာရောဂါနဲ့ သေရမယ်ဆိုတာကိုလည်း မသိနိုင်ကြဘူး ။
၃။ ကာလ ၊ သေရမယ့် အချိန်ကိုလည်း မသိနိုင်ကြဘူး ။
၎။ ဒေဟနိက္ခေပန ၊ သေပြီးတဲ့နောက် မိမိရဲ့အလောင်းကောင်ကို ဘယ်နေရာမှာ ပစ်ချခံရမလဲ ဆိုတာကိုလည်း မသိနိုင်ကြဘူး ။
၅။ ဂတိ ။ သေလွန်ပြီးနောက် ဘယ်ဘ၀ကို လားရောက်ရမယ် ၊ ဘယ်ဂတိကို သွားရမယ်ဆိုတာလည်း ကြိုပြီးတော့ မသိနိုင်ကြဘူး ။

အသက်ငယ်ရွယ်တုန်း ကာမဂုဏ်ခံစားပြီး
အသက်ကြီးရင့်မှ တရားအားထုတ်မယ်လို့
နှလုံးသွင်းထားသူတွေ အတွက်
တကယ်လို့များ ငယ်တုန်းရွယ်တုန်း
သေဆုံးသွားခဲ့ရင် တရားအားထုတ်ဖို့
အချိန်ကောင်း အခွင့်ကောင်းတွေ
လက်လွတ်ဆုံးရှုံးသွားပါလိမ့်မယ် ။

လောကဓံခံနိုင်ရည် ရှိဖို့နဲ့
ဘ၀မှာ လိုအင်ဆန္ဒတွေ မများဖို့အတွက်
တနေ့ကျရင်သေရမှာပဲ လို့
သေခြင်းတရားနဲ့ပတ်သတ်ပြီး
ဆင်ခြင်ကြရပါမယ် ။
စိတ်ကောင်း နှလုံးကောင်း ရှိဖို့နဲ့
ဝိပသနာစိတ်ကလေး
အဆက်မပြတ်ဖြစ်ဖို့အတွက်
အချိန်မရွေး သေနိုင်တယ်
ခဏနေရင် သေသွားနိုင်တယ် လို့
သေခြင်းတရားနဲ့ ပတ်သတ်ပြီး
ဆင်ခြင်ကြရပါမယ် ။

သေခြင်းတရားကို အမြဲသတိရှိတော့
နေခြင်းတရားမှာလည်း
အမြဲ သတိလွှမ်းမိုးနေတော့တာပေါ့ ။
အသေမမေ့ရင် အနေမမေ့တာ သဘာဝပါပဲ ။

ဆက်လက်ဖတ်ရှူရန်...

သာသနာနှင့်တွေ့ရခိုက်

ဘုရားသာသနာတော်တွင်းမှာလူဖြစ်ပါလျက်
ဝိပဿနာကုသိုလ်မှရမသွားဘူးဆိုရင်
သာသနာတော်နှင့် တွေ့ရကျိုးမနပ်ဘူး။
ဘာကြောင့်လဲဆိုတော့ ဒါန၊ သီလ၊ သမထ
ကုသိုလ်ဆိုတာတွေက သာသနာပမှာလည်းရှိတယ်။
ဝိပဿနာကတော့ သာသနာပမှာမရှိဘူး။---- ဒါ့ကြောင့်ပါပဲ။

ဆက်လက်ဖတ်ရှူရန်...

ကံသာလျှင်အမိ၊ ကံသာလျှင်အဖ

၁။ သူ့ကိုသတ်ဖြတ်၊ သက်တိုတတ်၊ မသတ်အသက်ရှည်။

၂။ ညှဉ်းဆဲသူကား၊ အနာများ၊ သနားကျန်းမာသည်။

၃။ ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံ လှပသည်။

၎။ မနာလိုမှာ၊ ခြွေရံကွာ၊ ကြည်သာ ခြွေရံစည်။

၅။ မပေးလှူက၊ မွဲပြာကျ၊ လှူမှ ပေါကြွယ်သည်။

၆။ မရိုမသေ၊ မျိုးယုတ်ချေ၊ ရိုသေမျိုးမြတ်သည်။

၇။ မမေးမမြန်း၊ ဥာဏ်မြင်ကန်း၊ စုံစမ်းဥာဏ်ကြီးသည်။

၈။ ဆိုးတာပြုက၊ ဆိုးတာရ၊ ကောင်းမှကောင်းစားသည်။

၉။ ဆိုးကောင်းနှစ်တန်၊ကံစီမံ၊ ခံစံကြရသည်။

ဆက်လက်ဖတ်ရှူရန်...

အောင်ခြင်းရှစ်ပါး ကဗျာများ

၁။ ခြောက်ဘုံပိုင်ငြား မာရ်နတ်သားမှာ၊
တစ်ထောင်လက်ရုံး သူ့ဘုန်းဖန်ကာ။
နတ်စစ်သည်ပေါင်း ထောင်သောင်းနှင့်သာ၊
ပလ္လင်တွက် စစ်ဖက်ပြိုင်လုလာ။
မြတ်ဘုရားက ဒါနညွှန်ရာ၊
မြေ လေခြိမ့်အုံး ထစ်ချုန်းလာကာ။
ကြောက်လန့်မာရ်ယုတ် နောက်ဆုတ်ပြေးခွာ၊
အခေါင်နင်း အောင်ခြင်း ပထမ မင်္ဂလာ။

၂။ မာရ်နတ်သားထက် ဆထက်လွန်ကာ၊
အာဠာဝက ကြမ်းလှမှန်စွာ။
ညဥ့်သုံးယံလုံး ပစ်မှုန်းလေကာ၊
လက်နက်စွဲ ပြိုင်ပွဲသူပြုလာ။
သည်းခံစိတ်သုံး ရွှင်ပြုံးကြည်သာ၊
မြတ်ဘုရားက ဆုံးမလေရာ။
ထံတော်ပါးသို့ ၀တ်တွားဝင်လာ၊
အခေါင်နင်း အောင်ခြင်း ဒုတိယ မင်္ဂလာ။

၃။ နာဠာဂီရိ မည်ရှိကြေငြာ၊
ကြမ်းတမ်းလေငြား ထင်ရှားမှန်စွာ။
မုန်ယိုယစ်မူး ရူးတဲ့အခါ၊
စေလွှတ်ငြား ဘုးရားထံသို့သာ။
ရာဟုလာသား မခြားမှန်စွာ၊
ဗုဒ္ဓမြတ်ဖျား ထားငြားမေတ္တာ။
ဆင်ပြောင်ကြီးက ဦးချနေရှာ၊
အခေါင်နင်း အောင်ခြင်း တတိယ မင်္ဂလာ။

၎။ အင်္ဂုလိမာ နာမကြေငြာ၊
လူမြင်ရာဖမ်း ကြမ်းတမ်းသတ်ကာ။
လက်ညှိုးပန်းများ ဆင်ထားမှန်စွာ၊
မြတ်ဘုရား သတ်ငြားသူလိုက်ရှာ။
လိုက်ရင်းတွေးဆ ဗုဒ္ဓထံမှာ၊
ခိုဝင်ဝပ်လျှိုး ရှိခိုးလေရာ။
ဧဟိဘိက္ခု ခေါ်ပြုမှန်စွာ၊
အခေါင်နင်း အောင်ခြင်း စတုတ္ထ မင်္ဂလာ။

၅။ စိဉ္စမာန အလှကညာ၊
ဆရာတိတ္ထိ စိတ်ရှိစေရာ။
ကိုယ်ဝန်ဟန်ထား သစ်သားကိုသာ၊
လူ့ဘုရား မုသားစွပ်စွဲလာ။
ငါနှင့်မယ်မင်း ဖြစ်ခြင်းကိုသာ၊
သိစေသားဟု ဘုရားမိန့်ရာ။
နတ်တို့ဖျက်ချ ရှက်ရစိဉ္စာ၊
အခေါင်နင်း အောင်ခြင်း ပဉ္စမ မင်္ဂလာ။

၆။ သစ္စကပရိဗိုဇ် သူမိုက်နာမာ၊
ပြိုင်သူဖက်ကင်း ထက်ခြင်းပညာ။
ဝါဒပြိုင်ပွဲ ဆင်နွဲမည်သာ၊
လူ့ဘုရား ထံပါးလာကြရှာ။
အနတ္တနှင့် အတ္တဆိုရာ၊
အနတ္တစစ် ဖြစ်တော့လေကာ။
ဆရာသစ္စက ရှုံးရသည်သာ၊
အခေါင်နင်း အောင်ခြင်း ဆဋ္ဌမ မင်္ဂလာ။

၇။ နန္ဒောပနန္ဒ နာမထန်စွာ၊
မြင်းမိုရ်တောင်လုံး ပတ်ဖုံးခွေကာ။
ကြောက်ဖွယ်ကြီးမား ပြုငြားမှန်စွာ၊
လူ့ဘုရား စော်ကားလေတော့တာ။
သားတော်ရှင်မောဂ် တင်မြှောက်ထိုခါ၊
နည်းလမ်းပြ၍ ဆုံးမစေရာ။
လူ့သွင်ဖန်ဆင်း ၀ပ်ဆင်းဝင်လာ၊
အခေါင်နင်း အောင်ခြင်း သတ္တမ မင်္ဂလာ။

၈။ ဗကမည်ငြား မှတ်သားဗြဟ္မာ၊
ပဈာန်ဘုံသား ဖြစ်ငြားမှန်စွာ။
စည်းစိမ်ယစ်မူး အထူးသာယာ၊
သူ့စိတ်ထဲ ဒါဘဲပြည်ခေမာ။
ဗြဟ္မာဘုံသို့ ကြွလို့မှန်စွာ၊
သင်္ခါရလမ်း မျှော်မှန်းစေရာ။
မှားတာဝန်ချ ဗကဗြဟ္မာ၊
အခေါင်နင်း အောင်ခြင်း အဋ္ဌမ မင်္ဂလာ။

ဆက်လက်ဖတ်ရှူရန်...

ဒုက္ခသစ္စာ

ဒုက္ခသစ္စာ (ဆင်းရဲခြင်းအမှန်တရား) ဆိုသည်မှာ ဘ၀အသစ် ဖြစ်ရခြင်းကြောင့် ဆင်းရဲခြင်း၊ အိုရခြင်းဆင်းရဲ၊ နာရခြင်းဆင်းရဲ၊ သေရခြင်းဆင်းရဲတို့အပြင် စိုးရိမ်ပူဆွေးခြင်း၊ ငိုကြွေးခြင်း၊ ကိုယ်ဆင်းရဲခြင်း၊ စိတ်ဆင်းရဲခြင်း၊ ပြင်းစွားပူပန်ခြင်းစသော ဆင်းရဲခြင်းအပေါင်းကို ခေါ်ဆိုခြင်း ဖြစ်ပါသည်။ ၄င်းအပြင် မချစ်မနှစ်သက်အပ်သော ပုဂ္ဂိုလ်အာရုံတို့နှင့် တွေ့ဆုံယှဉ်တွဲရခြင်းဆင်းရဲ၊ ချစ်ခင်နှစ်သက်အပ်သော ပုဂ္ဂိုလ်အာရုံတို့နှင့် ကွဲကွာရခြင်းဆင်းရဲ၊ လိုချင်လျက် မရခြင်းဆင်းရဲ၊ အကျဉ်းချုပ်အားဖြင့် ငါ။ ငါ့ဟာ စသည်ဖြင့် စွဲလမ်းတတ်သော ဥပါဒါနက္ခန္ဓာ (ခန္ဓာငါးပါး)ကို ရရှိခြင်း ဆင်းရဲစသော ဆင်းရဲခြင်းမျိုးအားလုံးကို ဒုက္ခသစ္စာဟု ခေါ်ဆိုပါသည်။

လောကီနယ်ပယ် လူ တိရစ္ဆာန် စသည်တို့၏ ဘ၀သက်တမ်း တလျှောက်တွင် သာယာပျော်ရွှင်မှုဟု ဆိုအပ်သော လောကီချမ်းသာခြင်းများနှင့်  လောကီ ဈာန်ချမ်းသာတို့သည်ပင် ဒုက္ခ(ဆင်းရဲခြင်း) ဟူ၍ ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့လေသ ည်။

ဒုက္ခသဘောကို ၃-မျိုး ခွဲခြား မှတ်သားနိုင်သည်။
(၁)သာမန်ဆင်းရဲခြင်းသဘော ဒုက္ခဒုက္ခ၊
(၂)ဖောက်ပြန်ပျက်စီးမှုကြောင့် ဖြစ်ပေါ်ရသော ၀ိပရိဏာမဒုက္ခ၊
(၃)ပြုပြင်စီရင်ခြင်းခံရသည့်  သဘော သင်္ခါရဒုက္ခ။

လောကတွင် တွေ့ကြုံခံစားကြရသော ပဋိသန္ဓေနေရခြင်း၊ အိုရခြင်း၊ နာရခြင်း၊ သေရခြင်း၊ မချစ်မနှစ်သက်အပ်သော သတ္တ၀ါသင်္ခါရတို့နှင့် အတူတကွ ပေါင်းယှဉ်ရခြင်း၊ ချစ်ခင်နှစ်သက်အပ်သော သတ္တ၀ါသင်္ခါရတို့နှင့် ကွေကွင်းခွဲခွာရခြင်း၊ မိမိလိုအင်ဆန္ဒ မပြည့်ဝခြင်း၊ စိုးရိမ်ပူဆွေးရခြင်း၊ ငိုကြွေးရခြင်း၊ စိတ်နှလုံး မသာယာခြင်း သည့် ကိုယ်စိတ်နှစ်ဖြာ ငြိုငြင်ပင်ပန်းခြင်းတို့သ ည် သာမန်ဆင်းရဲခြင်း အနက်သဘောရှိသာ ဒုက္ခဒုက္ခတွင် အကျုံးဝင်လေသည်။

သင်္ခါရဒုက္ခကို နားလည်သဘောပေါက်ရန် သတ္တ၀ါ, ပုဂ္ဂိုလ်, ငါ ဟူသော သဘောတရားများ၏ အရင်းအမြစ်ကို နားလည်ရန် လိုအပ်ပေသည်။ သတ္တ၀ါ ပုဂ္ဂိုလ် ငါ ဆိုသည်မှာ အစဉ်အမြဲ ပြောင်းလဲဖြစ်ပျက်နေသော ရုပ်နာမ်တို့၏ အစုအဝေး (ပဉ္စုပါဒါနက္ခန္ဓာ) သည် ဒုက္ခဆင်းရဲခြင်း ဖြစ်သည်။ ထို့ကြောင့် သတ္တ၀ါသည် ခန္ဓာငါးပါး၊ ခန္ဓာငါးပါးသည် ဒုက္ခဆင်းရဲခြင်းဖြစ်သည်။

သတ္တ၀ါ လူ ငါ ဟူသော ခန္ဓာငါးပါးသည် မတည်မြဲ၊ အစဉ်ဖောက်ပြန်ပြောင်းလဲလျက်ရှိ၏ ။ မတည်မြဲသမျှသည် ဒုက္ခဆင်းရဲခြင်းပင် ဖြစ်သည်။

ဤဒုက္ခသစ္စာကို ကောင်းစွာသဘောပေါက် နားလည်ရန် အလွန်အရေးကြီးပါသည်။ အဘယ်ကြောင့်ဆိုသော် ဗုဒ္ခဟောကြားတော်မူသည့်အတို င်း ဒုက္ခ ဆင်းရဲခြင်းကို မြင်သောသူသည် ဆင်းရဲဖြစ်ပေါ်ကြောင်းကိုလည်း မြင်၏။ ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) ကိုလည်း မြင်၏။ ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ သွားရာလမ်းကြောင်း ရောက်ကြောင်း အကျင့်ကိုလည်း မြင်၏။ ထိုသို့ မြင်နိုင်သောကြောင့် ဒုက္ခသစ္စာကို ကောင်းစွာ သဘောပေါက် နားလည်ရန် အလွန် အရေးကြီးပါသည်။

ဆက်လက်ဖတ်ရှူရန်...

အမွန်မြတ်ဆုံး

လောကဓံတရား ရှစ်ပါးတို့နှင့်
တွေ့ကြုံရသောအခါ
မြင့်မြတ်သူ၏စိတ်သည်
မတုန်လှုပ် မစိုးရိမ်
ရမ္မက်ကင်း၏
အမျက်ကင်း၏
ဤတရားလေးပါးသည်
အမွန်မြတ်ဆုံး
မင်္ဂလာတို့ပေတည်း

ဆက်လက်ဖတ်ရှူရန်...

နောင်တတရား ၁ဝ-ပါး

ဥစ္စာငယ်ခါ မဖွေရှာ
နောင်ခါနောင်တ ရတတ်သည်

ပညာငယ်ခါ မဖွေရှာ
နောင်ခါနောင်တ ရတတ်သည်

စဉ်းလဲယုတ်မာ အချစ်ဖျက်ရှာ
နောင်ခါနောင်တ ရတတ်သည်

သနားမဲ့ခါ သက်သတ်ရှာ
နောင်ခါနောင်တ ရတတ်သည်

သူမယားအား ပြစ်မှားငြား
နောင်ကားနောင်တ ရတတ်သည်

ပစ္စည်းရှိခါ မလှူရှာ
နောင်ခါနောင်တ ရတတ်သည်

မွေးမြူမိဘ မပြုက
နောင်တနောင်ခါ ရတတ်သည်

ဆုံးမသြဝါ မလိုက်နာ
နောင်ခါနောင်တ ရတတ်သည်

ပညာရှိထံ နည်းမခံ
အမှန်နောင်တ ရတတ်သည်

အမြတ်တရား မကျင့်ငြား
နောင်ကားနောင်တ ရတတ်သည်

ဆက်လက်ဖတ်ရှူရန်...

သြ၀ါဒ ၁၂

ဟိုဒကာမကြီး မလှူချင်၊
အထုပ်ကလေး တပြင်ပြင်၊
အထုပ်ရှင်မှာ သေလို့သွား၊
ကျန်တဲ့သူက ဝေလို့စား၊
သေတဲသူတော့ အလကား၊
ထုပ်မဲ့ထုပ် လုံအောင်ထုပ်၊
သိမ်းမဲ့သိမ်း လုံအောင်သိမ်း၊
သောကရင်မှာ ငြိမ်း။

ဆက်လက်ဖတ်ရှူရန်...

သြဝါဒ ၁၁

ကိုယ့်ကိုမုန်းသူ လောကလူ
မည်သူဖြစ်သနည်း
မကောင်းပြုသူ ပြောကြံသူ
မုန်းသူဖြစ်သတည်း

ကိုယ့်ကိုချစ်သူ လောကလူ
မည်သူဖြစ်သနည်း
ကောင်းတာပြုသူ ပြောကြံသူ
ချစ်သူဖြစ်သတည်း

ဆက်လက်ဖတ်ရှူရန်...

သြ၀ါဒ 10

အမျက်ထွက်သူကို
အမျက်မထွက်သူက
အမြဲနိုင်၏

မကောင်းပြောသူကို
အကောင်းပြောသူက
အမြဲနိုင်၏

စေးနဲသူကို
ပေးကမ်းသူက
အမြဲနိုင်၏

မုသားပြောသူကို
သစ္စာဆိုသူက
အမြဲနိုင်၏

ဆက်လက်ဖတ်ရှူရန်...

ပစ္စုပ္ပန်ကိုတည့်တည့်ရှုကြပါ

-ဖြစ်ပြီးအဟောင်း၊တိတ်ဇာတ်ကြောင်းကို
ပြန်ပြောင်းစဉ်းစား၊မငြီးတွားနှင့်။

-နောင်ခါဖြစ်လတ်၊အနာဂတ်ကို
ဇာတ်ကြောင်းတွေးတော၊စိတ်မမောနှင့်။

-ဖြစ်ဆဲဧကန်၊ပစ္စုပ္ပန်ကို
ဝေဖန်ညဏ်ရှု၊စဉ်းစားမှုဖြင့်
ပူမှုကင်းစွာနေစမ်းပါလော့။

-သို့ပါလေမှ၊သင့်ဘ၀၀ယ်
ဒုက္ခကင်းစွာ၊ချမ်းသာလာလိမ့်။

ဆက်လက်ဖတ်ရှူရန်...

ခင်ပွန်းကြီး ၁၀ ပါး ကန်တော့နည်း

ဘုရားတပည့်တော်သည် သံသရာ အစမှစ၍ ယနေ့တိုင်အောင်
• ဂုဏ်ကျေးဇူးကြီးမားကြကုန်သော မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးတို့ အပေါ်၌
• ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ပစေကဗုဒ္ဓရှင် ကိုယ်တော်မြတ်ကြီးတို့ အပေါ်၌
• ဂုဏ်ကျေးဇူးကြီးမားကြကုန်သော အဂ္ဂသာဝက ၊ မဟာသာဝကရဟန္တာ အရှင်မြတ်ကြီးတို့ အပေါ်၌
• ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ရဟန္တာ အရှင်မြတ်ကြီးတို့ အပေါ်၌
• ဂုဏ်ကျေးဇူးကြီးမားကြကုန်သော မိခင်တို့ အပေါ်၌
• ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ဖခင်တို့ အပေါ်၌
• ဂုဏ်ကျေးဇူးကြီးမားကြကုန်သော လိမ္မာစေရန် ကျိုးကြောင်းပြု၍ ဆုံးမတတ်သော ဆရာသမားတို့ အပေါ်၌
• ဂုဏ်ကျေးဇူးကြီးမားကြကုန်သော သီလဂုဏ် ၊ ပညာဂုဏ်တို့ကို ဆည်းပူးဖြည့်ကျင့်လျက်ရှိကြကုန်သော လူပုဂ္ဂိုလ် ၊ ရဟန်းပုဂ္ဂိုလ်တို့ အပေါ်၌
• ဂုဏ်ကျေးဇူးကြီးမားကြကုန်သော တရားဓမ္မတို့ကို ဟောပြောပြသ ဆုံးမတတ်သော ဆရာသမားတို့ အပေါ်၌
• ထမင်းတစ်လုပ် ၊ ရေတစ်မှုတ် စသည်ဖြင့် ပေးကမ်းချီးမြှင့် ထောက်ပံ့ဖူးသော ကျေးဇူးရှင်ပုဂ္ဂိုလ်တို့ အပေါ်၌
ကာယကံ ၊ ၀စီကံ ၊ မနောကံ သုံးပါးသော ကံတို့ဖြင့် ပြစ်မှားမိခဲ့သည်ရှိခဲ့ပါသော် ထိုအပြစ်တို့ကို ပျောက်ပါစေခြင်း အကျိုးငှာ ရိုသေမြတ်နိုး လက်စုံမိုးí ရှိခိုးပါ၏ဘုရား …
ဤသို့ ရှိခိုးပူဇော်ဖူးမြော်မာန်လျော့ ကန်တော့ရသော ကောင်းမှုကံ စေတနာတို့ကြောင့် အလုံးစုံသော ဘေးရောဂါ အန္တရယ် အပေါင်းတို့မှ ကင်းဝေးပြီးလျှင် မြတ်စွာဘုရားရှင် ဟောကြားတော်မှုသော သစာလေးပါး မြတ်တရားကို ကောင်းစွာသိမြင်၍
နိဗာန်သို့ ၀င်နိုင်သောကိုယ် ဖြစ်ပါရစေသား အရှင်ဘုရား …
လောကီမင်္ဂလာ အဖြာဖြာတို့သည်လည်း စိတ်ကြံတိုင်း တောင်းတတိုင်း လွယ်ကူလျင်မြန်စွာ ပြည့်စုံí နှလုံးစိတ်ဝမ်း အေးချမ်းရပါစေသား အရှင်ဘုရား …

ခင်ပွန်းကြီး ၁၀ ပါးအား ပြစ်မှားသူတို့ ကြုံရမည့် ဒဏ် ၁၀ ပါး

1. ပြင်းထန်သော ဦးခေါင်းနာ စသည့် ဝေဒနာများဖြစ်ခြင်း
2. ပိုင်ဆိုင်သော ဥစာ ပစည်းများ ဆုတ်ယုတ်ပျက်စီးခြင်း
3. လက် ခြေ ပြတ်ခြင်း ၊ ကိုယ်အင်္ဂါ ပျက်စီးခြင်း
4. ကုသ၍မရနိုင်သော ကြီးလေးသည့် ရောဂါများဖြစ်ခြင်း
5. ရူးသွပ်ခြင်း ၊ စိတ်မတည်မငြိမ်ဖြစ်ခြင်း
6. မင်းပြစ် ၊ မင်းဒဏ် ခံရခြင်း
7. မတရားသဖြင့် စွပ်စွဲခံရခြင်း
8. ဆွေမျိုးကောင်း ၊ မိတ်ဆွေကောင်း မရရှိခြင်း
9. စည်းစိမ်ဥစာ အခြွေအရံများ ပျက်စီးခြင်း
10. နေရာ တိုက် အိမ် မီးလောင်ပျက်စီးခြင်း
ပစုပ္ပန်ဘ၀၌ ထိုဒဏ် ၁၀ ပါး သင့်မည့်အပြင် သေလွန်သည့်အခါ၌လည်း အပါယ်ငရဲသို့ ကျရောက်နိုင်ပါသည် ။

ခင်ပွန်းကြီး ၁၀ ပါးအား ပူဇော်ခြင်း အကျိုး

1. အစားအစာ မရှားပါးခြင်း
2. ရောက်ရာအရပ်၌ လေးစားပူဇော်ခံရခြင်း
3. ရန်သူမျိုးငါးပါးနှင့် ကင်းဝေးနိုင်ခြင်း
4. လူချစ်လူခင် ပေါများခြင်း
5. ပရိသတ်အလယ် တင့်တယ်စွာ နေနိုင်ခြင်း
6. ကောင်းသတင်းဂုဏ် ကျော်စောခြင်း
7. အခြွေအရံ များခြင်း
8. စီးပွားဥစာ ဖွံ့ဖြိုးတိုးတတ်ခြင်း
9. ဘေးဒုက္ခကြုံသော် အကူအညီရခြင်း
10. သားကောင်း သမီးကောင်း ရရှိနိုင်ခြင်း

ဆက်လက်ဖတ်ရှူရန်...

 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates